ချီဖွေမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်နေသည့်အတွက် ဆက်သွယ်ရေးအခက်ကြုံ

ချီဖွေမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်နေသည့်အတွက် ဆက်သွယ်ရေးအခက်ကြုံ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ဘက်မှာ MPT ဖုန်းလိုင်း ပြတ်တောက်နေတာ နှစ်ပတ်လောက် ရှိနေပြီဖြစ်ပြီး ဆက်သွယ်ရေးပိုင်း အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က MPT ဖုန်းလိုင်း ပြတ်တောက်သွားတာဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်း မရရှိသေးဘူးလို့ မြစ်ကြီးနားမြို့ဘက်ကို ခေတ္တရောက်ရှိနေတဲ့ ချီဖွေဒေသခံ အမျိုးသား တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“MPT ဖုန်းလိုင်းက မရတော့ဘူး။ အင်တာနက်က ပိုဆိုးတယ်။ တယ်လီနော ခဏတစ်ဖြုတ်ရတယ်။ အခု နှစ်ပတ် တောင် ကျော်လာပြီ။ ဖုန်းလိုင်းမရှိလို့ အရမ်းခက်ခဲနေတယ်” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ MPT ဖုန်းလိုင်း ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး ချီဖွေမြို့မှာရှိတဲ့ MPT ဆက်သွယ်ရေး ဌာနက တာဝန်ရှိသူတွေကို မေးမြန်ကြည့်ရာမှာတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်မှာ စက်ပျက်နေတယ်လို့ ပြောကြားခဲ့ကြောင်း ဆိုပါတယ်။

အရင်က တစ်ရက် နှစ်ရက်လောက်သာ ဖုန်းလိုင်းပြတ်တောက်ခဲ့ပြီး အခုလို ရက်အကြာကြီး ပြတ်တောက် သွား တာမျိုး မရှိခဲ့ဖူးတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

မြစ်ကြီးနားရောက် ဒေသခံ တစ်ယောက်က “အရေးပေါ်အခြေအနေမျိုးရှိလာရင် ဘာနဲ့မှသွားပြောလို့မရဘူး။ (ချီဖွေ) မြို့ထဲမှာပဲ ဆိုရင်တော့ ပြေးပြီးသွား ပြောလို့ရတယ်။ ဒါပေမဲ့ ဝေးတဲ့နေရာတွေ၊ မြစ်ကြီးနားဘက်တွေ ဆို ရင် ဘာအကြောင်းမှ ကြားလို့မရတော့ဘူး“ လို့ ပြောပါတယ်။

ချီဖွေမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ ၂၀၁၅ -၁၆ ခုနှစ်လောက်က MPT ဖုန်းလိုင်းကို စတင်သုံးစွဲခဲ့ကြတာ ဖြစ်ပြီး မြို့နယ် လူဦးရေရဲ့ ၇၀ ရာခိုင်းနှုန်းလောက်က ဒီဆက်သွယ်ရေး အော်ပရေတာလိုင်းကိုသာ သုံးစွဲနေကြတာ ဖြစ်ပါတယ်။

တယ်လီနော ဖုန်းလိုင်းကိုတော့ MPT ဖုန်းလိုင်းသုံးစွဲပြီးနောက် နှစ်နှစ်လောက်နေမှ သုံးစွဲခဲ့ကြတာ ဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...