အချုပ်ကျအမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င်များက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆော ‘ပအဖ’ ထုတ်ပြန်ကာ ပြည်သူကို တောင်းပန်

အချုပ်ကျအမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င်များက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆော ‘ပအဖ’ ထုတ်ပြန်ကာ ပြည်သူကို တောင်းပန်
ဆောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဆောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့် အချုပ်ကျခံနေရ သည့် အမျိုးသမီးအား အချုပ်ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်သည် ဆောမြို့နယ်မှ တိုက်နယ်တခုတွင် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ပြစ်မှုကျူးလွန်သူများအား တိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံက ဒဏ်ကြေးငွေဖြင့် ကြေအေးစေပြီး အရေးယူခြင်း မရှိသည်ကို ဒေသခံပြည်သူများက မြို့နယ့်အဆင့်သို့ တိုင်တန်းမှုကြောင့် ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ခြင်းသည်။

ထို့နောက်အဆိုပါ အမှုကို ‌ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်စစ်ဆေးဖော်ထုတ်ရာ  ခုနစ်ဦးကို ဇွန်လ ၂၉ ရက်၌ ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟုသည်။

ကျူးလွန်သူများ  ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေဘဲ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၃ရက်နေ့ ညတွင် ထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်ကို မဖြစ်ပွားအောင် မ‌ဆောင်ရွက်နိုင်ခဲ့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်းနှင့် ကျူးလွန်သူ များကို ဖမ်းဆီးအကျဥ်းချခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုကဲ့သို့ ဖြစ်စဥ်မျိုး နောက်ထပ်မဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး “ပြည်သူ့ ယုံကြည် မှုကို ထိခိုက်စေခဲ့သော ဖြစ်စဥ်အတွက်လည်း ပြည်သူများအားအနူးအညွှတ်တောင်းပန်အပ်ပါသည်” ဟု ဆော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့က လုံခြုံရေးတာဝန်ယူထားသည့် နေရာ၌ အမျိုးသမီးတစ်ဦးအား ယခုကဲ့သို့ ပြစ်မှုကျူး လွန်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women's Union) နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက မှတ်ချက်ပြုသည်။

ကျူးလွန်သူကို သေချာအပြစ်ပေးအရေးယူရန် လိုအပ်ပြီး ကိုင်တွယ်ထိန်းချုပ်မှုလျော့ရဲပါက ပဋိပက္ခဒေသမှ အမျိုးသမီးများအတွက် အလွန်အန္တရာယ်ကြီးမားသည်ဟု ၎င်းက ဆိုသည်။

“ပဋိပက္ခဖြစ်နေတဲ့ နေရာဒေသမှာဆိုရင် ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်။ အမျိုးသမီးတွေကို အကာ အကွယ်မပြုဘဲ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရပ်ကို ရပ်ဖို့လိုတယ်” ဟု ဒေါ်နိုးနိုးထက်စံက ပြောသည်။

ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးကလည်း၎င်းတို့ မြို့တွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ် အတွက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ အနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ခံရန်လိုအပ်သည်ဟုဆိုသည်။

“ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မူဝါဒတွေက ကျွန်တော်တို့ တပ်ရင်း၊ တပ်ဖွဲ့တွေမှာလည်း ရှိပြီးသား။ သူတို့ လုံခြုံရေးအဖွဲ့တွေမှာလည်း ရှိပြီးသားပါ။ ဒါတွေကို အလွဲသုံးနေတာမျိုး မလုပ်ဘဲ ပြတ်ပြတ်သားသား ကိုင် တွယ်ဖို့ လိုပါတယ်” ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေး ရဲဘော်က ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးကို ယခုအခါ ဆောမြို့နယ်သို့ ခေါ်ဆောင်ထားပြီး လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုများ ပေးထားသည်ဟု သိရသည်။ တိုက်နယ်တာဝန်ခံအား အရေးယူထားမှုရှိမရှိကို မေးမြန်းရန် ဆော မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးစားရာ အဆက်အသွယ် မရသေးပေ။

ဆောမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အချုပ်ခန်းစောင့်ရဲဘော်များ၏ ကင်းပျက် ကွက်ခြင်းကြောင့် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မောင်းပြန် နှစ်လက်နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့မှ လက်လုပ်သေနတ် ခြောက်လက်၊ အိုင်ကွန် သုံးလုံး၊ ဆိုင်ကယ် ငါးစီး၊ ဖုန်း ၁၄ လုံး၊ ငွေကြေးအချို့နှင့် အဝတ်အစားများ ဆုံးရှုံးခဲ့ရ သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...