စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ

စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ

သျှမ်းပြည် မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့၊ ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စယ်လန့်ကျေးရွာ၊ နမ့်မွန်းတံတား အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စက်သေနတ်သံတွေရော၊ ဗုံးသံတွေပါ ကြားရတယ်။ လှမ်းမြင်ရသလောက်က အငွေ့တွေလည်း မိုးပေါ်ထွက် လာတယ်။ ပစ်နေကြတာက ၁၀ မိနစ်ကျော်ကြာတယ်။ စကစ နဲ့ TNLA တပ်တွေ ထိတွေ့မှု ဖြစ်တာတဲ့” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားလာပြီး နောက်ပိုင်း ဗုံးပေါက်ကွဲသံ ၃ ချက်လည်း ဆက်တိုက် ထပ်မံထွက် ပေါ်လာကြောင်း ဒေသခံများက ဆက်ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိတွင် ကားလမ်းလည်း ပိတ်ထားရပြီး လမ်းဘေး၌ ကားသမားများက ယာဥ်ရပ်နား ထားရကြောင်းလည်း ဒေသအတွင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတွေလည်း မထွက်နိုင်သေးဘူး၊ လမ်းဘေးမှာ ကားရပ်ပြီး အခြေအနေတွေကို စောင့်ကြည့်နေရသေးတယ်။ အဲ့ဖက် ဖြတ်သွားမယ်ဆိုရင် ပလောင်တပ်ရော၊ စစ်ကောင်စီတပ်ရော ကြုံရနိုင်တယ်”ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် နှင့် နှစ်ဖက် တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှု ကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။

အဆိုပါ နမ့်မွမ်းတံတားသည် TNLA တပ်ဖွဲ့မှ အခွန်ကောက်ရန် လာစောင့်သည့် နေရာဖြစ်ပြီး နေ့စဥ်ရက်ဆက် ကောက်ယူ တောင်းခံမှုကြောင့် ဒေသခံများ သွားရေးလာရေးအတွက်လည်း ခက်ခဲမှုများရှိနေသည်ဟု ဒေသခံ အချို့က ဆိုသည်။

ထို ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့ အပြင်၊ ရှမ်းပြည်တိုးတက် ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ်မတော်  KIA တို့ကလည်း သွားလာ လှုပ်ရှား လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ် (ခွဲ) အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအပြီး၌ ဒေသခံ နှစ်ဦးလည်း မိုင်းနင်းမိကာ ထိခိုက် ဒဏ် ရာရခဲ့သေးသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...