ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းတို့အား သီးသန့်တွေ့ဆုံခွင့် ပေးခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မြဝတီ ရုပ် မြင်သံကြားမှ တဆင့် ပြောဆိုခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့် ပေးခဲ့ ခြင်း ဖြစ်ကြောင်း ဇူလိုင် ၁၃ရက်နေ့တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီရုပ်သံတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက် ကြာမြင့်ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးတာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျွန်တော်တို့ အသေးစိတ်မသိရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းအနေဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မကျင်း ပမီတွင် နေပြည်တော်သို့ တိတ်တဆိတ် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ယင်းတွေ့ဆုံမှုကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်ပြီး ၎င်းက တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့ အာဆီယံ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ဖြေဆို ခဲ့သည်။ သို့သော် တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုခြင်း မရှိခဲ့ပေ။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရကာ နေပြည်တော်အချုပ်ထောင်တွင် သီးသန့် ထိန်းသိမ်းခံထားရသည်။

ဇူလိုင် ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့်နေရာတွင် တွေ့ဆုံခဲ့ သည်ကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပါ။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...