မြင်းခြံတွင် ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရ

မြင်းခြံတွင် ကျောင်းထိုင်ဆရာတော် သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင်၊ ဂွေးပင်ရိုးကျေးရွာ စိတ္တသုခကျောင်းတိုက်မှ ဦးပညာသာမိ ဘွဲ့ အမည်ရှိသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ပျံလွန်တော်မူသွားသည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းက ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ကျောင်း၀င်းထဲက ဓမ္မာရုံနားမှာ အပစ်ခံရပြီးပျံလွန်တာ၊ ဓမ္မာရုံတံခါးဘောင်တွေ ပြင်နေတာကို ကြည့်နေတုန်း၊ လူငါးယောက်က ၀င်လာပြီး ပစ်သွားတာလို့ သိရတယ်” ဟု မြင်းခြံမြို့ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့၊ မွန်းလွှဲ ၃ နာရီ ၁၀ မိနစ်ခန့်က၊ ဆရာတော် ကျောင်း၀င်းထဲ ရှိနေစဉ်၊ ဆိုင်ကယ် လေးစီးဖြင့ ်ရောက်လာသော လူငါးဦးက သေနတ်ဖြင့် ပစ်ခတ် ကာထွက်ပြေးသွားခြင်း ဖြစ်ကြောင်း၊ ပစ်ခတ် ခံရမှုကြောင့် ဆရာတော်မှာ ဝဲဘက်နောက်စေ့ ဖောက်၀င်ဒဏ်ရာ တစ်ချက်ရရှိပြီး၊ အခင်းဖြစ်သည့် နေရာတွင်ပင် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်း ဖြစ်ကြောင်းကို မသိရသေးသော်လည်း၊ PDF အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု စစ်အုပ်စု၏ သတင်းများက ဖော်ပြကြရာ မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင်၊ ကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍၊ စစ်တပ်ထောက်ခံသူများဘက်က မကျေမနပ် ဖြစ်နေကြသည်။

ဒေသခံတစ်ဦးက “ကျောင်းထိုင် အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ စစ်တပ်လော်ဘီတွေက မကျေမချမ်း ဖြစ်နေ ကြတယ်။ NLD ထောက်ခံတဲ့ ဘုန်းကြီးတွေကို တန်ပြန်လုပ်ဖို့ လှုံ့ဆော်နေကြလို့ တချို့လည်း တခြားမြို့ကို ရှောင် နေကြရတယ်” ဟု ပြောသည်။

မြင်းခြံခရိုင်တွင်၊ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၀င် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပါတီ၀င်တစ်ဦးတို့ ပစ်သတ်ခံခဲ့ရပြီးနောက်၊ အရပ်သား (အမျိုးသား)တစ်ဦး လည်း ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင် နောက်ထပ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ကိုလည်း ဖမ်းဆီးခံရပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...