KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို

KNU အုပ်ချုပ်မှုနယ်မြေများတွင် အမျိုးသမီးစစ်ရှောင်များအတွက် အကူအညီများစွာ လိုအပ်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေများတွင် အမျိုးသမီးစစ်ဘေးရှောင်များ ထပ်မံတိုးလာ နေပြီး အခက်အခဲများစွာ ကြုံတွေ့နေရကာ အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသမီး အစည်းအရုံး (KWO) က ပြောသည်။

KNU အုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာခုနစ်ခုအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရ သည့် စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော်ရှိပြီး  ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း KWO တွဲဖက် အတွင်းရေးမှူး (၂) နော်အဲ့တမွီဖော က ပြောသည်။

ယခုကာလသည် မိုးတွင်းဖြစ်သည့်အတွက် အမျိုးသမီးများအနေဖြင့် လစဉ်ဓမ္မတာဖြစ်စဉ်မှစ၍ နေ့စဉ် ကြုံတွေ့ နေရသော အခက်အခဲများ ပိုမိုတိုးပွားလာပြီး ခြင်ကိုက်၊ ဖြုတ်ကိုက်မှုများကြောင့် ရာသီတုပ်ကွေး ဖြစ်ပွားမှု၊ နေထိုင်မကောင်းဖြစ်မှုများရှိနေသည်။

KWO တွဲဖက် အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက “အခုချိန်ကတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ဘေး ရှောင် အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲက အများကြီးရှိလာတယ်။ အမျိုးသမီးတွေဟာ တောတောင် တွေထဲမှာ အသီးအရွက်ရှာတာတွေအတွက် သွားဖို့လာဖို့ အခက်အခဲတွေရှိတယ်။ တောထဲတောင်ထဲမှာ ခြင် တွေ၊ ဖြုတ်တွေ ကိုက်တာတွေရှိတယ်၊ စစ်‌ဘေးရှောင်တဲ့နေရာတွေမှာ ဆေးခန်း၊ ဆေးရုံတွေမရှိတဲ့အတွက် ပိုခက်ခဲရတယ်” ဟု ပြောသည်။

အမျိုးသမီးစစ်ဘေးရှောင်များသည် ၎င်းတို့မိသားစုတွင်ရှိသော ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာ ရေး၊ စားဝတ်နေရေးတို့ကိုပါ ပူပန်နေရကြောင်း ၎င်းကပြောသည်။

“ကလေးတွေနေမကောင်းရင် သူတိုပိုပြီး အခက်တွေ့ရတယ်၊ နောက်တခုက ကလေးတွေကျောင်းနေဖို့ အတွက် ရောပေါ့” ဟု နော်အဲ့တမွီဖောကဆိုသည်။

ထို့ကြောင့် တပ်မဟာအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ၏ တင်ပြချက်အပေါ်မူတည်၍ စစ်ရှောင် အမျိုး သမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအတွက် KWO မှ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့များဖြင့် ချိတ်ဆက် ကူညီနေကြောင်း ပြောသည်။

“ကျွန်မတို့ KWO ကတော့ စစ်ဘေးရှောင်တွေအတွက် Fundraiser Group တွေ အဓိကထားပြီး ကလေး တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် သူတို့လိုအပ်တာတွေ ကူညီပါတယ်။ အမျိုးသမီး လစဉ်သုံး ပစ္စည်း၊ မွေးကင်းစ ကလေးတွေ အတွက်ဆို နို့မှုန့်တွေ အဲ့ဒီလိုတွေကို ကျွန်မတို့ KWO အနေနဲ့ တက်နိုင်သ လောက် ကူညီနေပါတယ်" ဟု ဆိုသည်။

ကရင်အမျိုးသမီး အစည်းအရုံး (KWO) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ နယ်မြေ ခုနစ်ခု နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အို များ အပေါ် အကာအကွယ်ပေးရေး၊ ထောက်ပံ့ကူညီရေးများ လုပ်ဆောင်ပေးနေသော အမျိုးသမီးအဖွဲ့အစည်း ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...