ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ

ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် လေးခုတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများနှင့် စစ်ဆေးရေးနေရာများ အား မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိခဲ့သည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ယမန်နေ့ ဇွန်လ ၄ ရက်နေ့ညတွင် မြို့ပြပြောက်ကျားများက လုပ်ဆောင်ခဲ့ကြ ခြင်း ဖြစ်သည်။

“သန်လျင် ထိခိုက်မှုရှိတယ်၊ အရေအတွက် သေချာတော့ မသိရသေးဘူး။ လှိုင်သာယာကတော့ ဗုံးရှင်းတဲ့စစ်သား နှစ်ယောက်ထိသွားတာ။ လူနာတင်ကားနဲ့သယ်သွားတာ မြင်လိုက်တယ်။ အသံတွေကတော့ တစ်မြို့လုံးကို သော သောညံပါပဲ၊ စစ်ကားတွေလည်း တောက်လျှောက်ပတ်နေတာ ညတောင်အိပ်ကြရဲ့လားမသိဘူး” ဟု ‌ရန်ကုန်မြို့ ရှိ မြေပြင် သတင်းအရင်းအမြစ်က မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်ခံရသည့် နေရာများမှာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္က လာပမြို့နယ်တရားရုံး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း နေရာများဖြစ်သည်။

ထို့အပြင် ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနှင့်အောင်ချမ်းသာအစပ်ကြား တပင်ရွှေ ထီး လမ်းမတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ပြည်သူများ စီးနင်းသော ဆိုင်ကယ်များကို မတရား စစ်ဆေးနေသည့် နေရာအနီးတို့ဖြစ်ကြောင်း Freeland Attack Force(FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ညပိုင်းတိုက်ခိုက်မှုများအား Anonymous Fighters Force -AFF မှ ဦးဆောင်ကာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army - EGA ၊ Rangoon Urban Force တို့မှ  ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်များအာ ညဦးပိုင်း ၈ နာရီကျော်မှ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ထိ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုပြုလုပ်သည့် ရဲဘော်များမှာ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ကြသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ယမန်နေ့ညက တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့များမှ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်း၊ ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင် တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင် ဆန်းသူရိယလှသောင်း လမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်းတို့ကို ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...