ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် KIO က ထပ်မံပြောဆို

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် KIO က ထပ်မံပြောဆို
by -
ဖနိဒါ
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပြဿနာများ အားလုံး ဖြေရှင်းရန်အတွက် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်း တစ်ခုတည်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ထပ်မံပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သော KIO ဖွဲ့စည်းခဲ့သည့် ၅၇ ကြိမ်မြောက်နေ့တွင်ထုပ်ပြန်သော KIO ဥက္ကဌ ဦးလယောက်ဇောင်းဟရား၏ မိန့်ခွန်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

“နိုင်ငံရေးနည်းလမ်းဖြင့်သာ ပြဿနာအားလုံး အဖြေကောင်းထွက်နိုင်မယ်”ဟု မိန့်ခွန်းတွင် ကချင်ဘာသာဖြင့် ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခဲ့သည့် ၅၇ ကြိမ်မြောက်နေ့အဖြစ် ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် ဌာနဆိုင်ရာ အသီးသီးတွင် ဆုတောင်းခြင်း၊ KIO ဥက္ကဌ ၏ မိန့်ခွန်းများ ဖတ်ကြားခြင်းဖြင့် အခမ်းအနားများ ကျင်းခဲ့သည်။

“ခေါင်းစဉ်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီဘဲ။ အစိုးရပြောတဲ့ နိုင်ငံရေးက NCAအတိုင်း၊ NCA လမ်းကြောင်းက လွဲပြီး တခြားမရှိဘူးဆိုတာက သူတို့ နိုင်ငံရေးစကားဘဲ။ ဒါပေမဲ့ လက်တွေ့က တိုက်ပွဲဖြစ်နေတယ်။ ကျနော်တို့ ပေါ်လစီက နိုင်ငံရေးနဲ့ဆွေးနွေးမယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပေါ်လစီ လက်ကိုင်ထားပါတယ်”ဟု KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ကို နိုင်ငံရေး တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက်ကြွေးကြော်၍ ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၆၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်နက်ကိုင် အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ယခင်အစိုးရနှင့် KIO တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ၁၇ နှစ်ကြာပြီး ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲတကျော့ပြန် ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...