ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ

ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ
ကန့်ဘလူမြို့နယ်တွင် ဇွန်းလအတွင်း မြွေကိုက်ခံရသည့် အမျိုးသမီး
ကန့်ဘလူမြို့နယ်တွင် ဇွန်းလအတွင်း မြွေကိုက်ခံရသည့် အမျိုးသမီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ နှစ်ပတ်အတွင်း ၉ ဦးအထိ ရှိလာသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဧပြီလအတွင်း မြွေကိုက်ခံရသူ ၄ ဦး၊ မေလတွင် မြွေကိုက်ခံရသူ ၈ ဦးအထိရှိခဲ့ရာ ယခုဇွန်လ လဝက်အတွင်း မြွေကိုက်ခံရသူ ၉ ဦး အထိထပ်တိုးလာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီအခု ဇွန်လထဲမှာတော့ ၉ ယောက်ရှိပြီ။ ဒါတောင် လမကုန်သေးဘူးပေါ့လေ။ လဝက်အကျော်လောက်မှာပဲ ကိုးယောက်အထိရှိလာတာပါ။ အာဏာသိမ်းပြီးတည်းက ကျနော်တို့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ထဲက ဆိုရင် ဒီလက အများဆုံးပါ” ဟု ပြောသည်။

မြွေကိုက်ခံခဲ့ရသူများမှာ အမျိုးသမီး ၅ ဦး၊ အမျိုးသား၄ ဦး တို့ဖြစ်ပြီး ချပ်သင်းတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက် နယ်ရှိသော ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြသည်ဟု သူကဆက်ပြောသည်။

အဆိပ်ပြင်းသည့် မြွေပွေး၊ မြွေဟောက်ပေါများရာ ဒေသတစ်ခုဖြစ်သည့် ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပိုမို ပူပြင်းလာသည့်အပြင် စစ်ဘေးရှောင်ပြည်သူ ပိုများလာသောကြောင့် ယခုကဲ့သို့ မြွေဆိုးကိုက်ခံရသူလည်း ပိုများပြားလာခြင်းဖြစ်သည် ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

“အခုအခြေနေမှာက မိုးဦးကာလကိုလည်းရောက်လာတယ် စစ်ရှောင်တွေကလည်း ကျေးရွာတွေမှာသိပ် မနေဘူး လေ။ နီးစပ်ရာတောတွေတောင်တွေမှာ တဲတန်းထိုးတယ် ပြီးတော့ ကိုယ့်ရဲ့ခြံကွက်တွေမှာ တောင်သူ လယ်ယာ လုပ်ငန်းလေးလုပ်ကြတော့ ပိုးထိ လူနာက ပိုများလာတယ်“ ဟု ပြောသည်။

ထို့အပြင် ကန့်ဘလူတွင် မြွေဆိပ်ဖြေဆေး BPI တစ်လုံးကို တစ်သိန်းခွဲအထိရှိပြီး မြွေကိုက်ခံခဲ့ရသူတစ်ဦးကို မြွေ ဆိပ်ဖြေဆေး ၈လုံး အနည်းဆုံး ထိုးပေးနေရသဖြင့် မြွေဆိပ်ဖြေဆေး အကူညီများလည်း လိုအပ် လျှက်ရှိသည် ဟု မြွေကိုက်ခံရသူများကို ကုသပေးနေသူတစ်ဦးက KNG ကိုပြောသည်။

“ဆေးဝါးကလုံလုံလောက်လောက်မရှိဘူး ကျနော်တို့ဆီမှာ ရွာတိုင်းရွာတိုင်း၅လုံး တချို့က ၁၀ လုံး‌ ဆောင်ထား တာရှိတယ်ဗျ။ ဒီရွာကိုက်ခံရပြီဆို ကျန်တဲ့ရွာတွေကနေ ချေးပြီးတော့ ပြန်ပြီးတော့ဝယ်ပေးရတဲ့ အနေအထား တွေ ရှိတာပေါ့။ အဲ့လို ခက်ခဲတာတော့ရှိပါတယ်” ဟု မြွေကိုက်ခံရသူများကို ကုသပေးနေသူ တစ်ဦး က ပြော သည်။

မြွေကိုက်ခံရမူကို ကြိုတင်ကာကွယ်ရန် စွပ်ဖိနပ်စီးသင့်ပြီး မြွေကိုက်ခံရပါက ပထမဦးဆုံး မြွေကိုက်ခံရသည့် ဒဏ်ရာနှင့်အနီးတစ်ဝိုက် သန့်ရှင်းသော အဝတ်စဖြင့် ခပ်ဖွဖွလေးသုပ်ကာ မတင်းမကြပ် ချည်ထားပြီး ကိုက်ခံရ သည့် ခြေလက်များကို လှုပ်ရှားမှုမလုပ်စေဘဲ ကုသပေးနိုင်သည့် ကျေးလက်ဆေးခန်းများနှင့် ကုသပေးနိုင်သူများ ဆီသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူရမည်ဟု ၎င်းကဆက်ပြောပါသည်။

ယခုလို ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသူ ၇၈ ဦးအထိရှိခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် သေဆုံးသူ ၆ ဦး အထိရှိခဲ့သည်ဟု စစ်ရှောင်ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လူနေအိမ်ကျေးရွာများ မကြာ ခဏ မီးရှို့ဖျက်ဆီးပေးမှုကြောင့် ကျေးရွာ ၁၇ ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပြီး လက်ရှိတွင် မီးဘေးနှင့် စစ်ဘေး ရှောင်ပြည်သူများ ၃ သောင်းကျော်ခန့်ရှိနေသည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...