စစ်ကောင်စီတပ်က နိုင်ငံတဝန်းလုံးမှာ အိမ်ခြေ ၇ သောင်းကျော်မီးရှို့ဖျက်ဆီး၊ ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံး မှု တတိယအများဆုံး ပြည်နယ်ဖြစ်

စစ်ကောင်စီတပ်က နိုင်ငံတဝန်းလုံးမှာ အိမ်ခြေ ၇ သောင်းကျော်မီးရှို့ဖျက်ဆီး၊ ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံး မှု တတိယအများဆုံး ပြည်နယ်ဖြစ်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် လူနေအိမ် အဆောက်အအုံ ၇ သောင်းကျော် ပျက်စီးခဲ့ပြီး ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် ပျက်စီးဆုံးရှုံးမှု တတိယ အများ ဆုံးပြည်နယ်ဖြစ်သည်ဟု Data for Myanmar ၏ စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ နိုင်ငံတဝန်းလုံး မီးရှို့ဖျက်ဆီးမှုအခြေအနေနှင့်ပတ်သက်၍ Data for Myanmar အဖွဲ့က ဇွန်လ ၁၄ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ (၁) ရက်မှ ၂၀၂၃ ခုနှစ် မေလ (၃၁) နေ့ အထိ လူနေအိမ် အဆောက်အအုံ ၇၀၃၂၄ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်တိုင်းသည် တစ်နိုင်ငံလုံးတွင် အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှုအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၅၃၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဒုတိယ ပျက်စီးဆုံးရှုံးမှုအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေပေါင်း ၁၀၄၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု Data for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချင်းပြည်နယ်သည် ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးဒေသဖြစ်ပြီး အိမ်ခြေပေါင်း ၁၆၃၇ လုံးပျက်စီးဆုံးရှုံးကာ ကျေးလက် ဒေသတွင် လူနေအိမ် ၃၀၂ လုံး နှင့် မြို့ပြတွင် ၁၃၃၅ လုံး ပျက်စီးခဲ့သည်ဟု Data for Myanmar စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ခုခံတော်လှန်စစ်အားကောင်းသော ဒေသများကိုပစ်မှတ်ထားကာ လူနေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်မှ ဒုညွန်ကြားရေးမှူး Salai Van Sui San ကပြောသည်။

“ခုခံတွန်းလှန်ရေး CDF တွေ အားကောင်းတဲ့ နေရာတွေမှာ ပိုပြီး တော့အဖြစ်များတာတွေ့ရတယ်၊  လူမဆန်တဲ့ စိတ်ကြောင့် လို့ပြောချင်တယ်၊ ပြည်သူတွေရဲ့နေအိမ်ဆိုတာက တော်လှန်ရေးနဲ့ ဘာမှ သက်ဆိုင်မှုမရှိတဲ့ဟာ သူ တို့ကလည်း ဘာရည်ရွယ် ချက်နဲ့မီးရှို့တာလဲဆိုရင် ပြည်သူတွေနဲ့ တော်လှန် ရေးတပ်သားတွေကြားမှာ အမုန်းပို  ပွားအောင်မီးရှို့လိုက်တဲ့သဘောပဲ” ဟု  Salai Van Sui San ကပြောသည်။

ချင်းပြည်နယ်တွင် ထန်တလန်မြို့သည် လူနေအိမ်မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဖြစ်ပြီး အိမ်ခြေပေါင်း ၁၂၉၉ လုံး ပျက်စီးကာ ဖလမ်းနှင့် ဟားခါးမြို့နယ်မှာလည်း နေအိမ် ၂၀ဝ ကျော်မီးရှို့ဖျက်ဆီးခံရသည်ဟု Data for Myanmar က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ အရပ်သားပြည်သူများ နေထိုင်သော နေအိမ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ ခြင်း လုပ်ရပ်သည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည် ဟု ချင်းရေး ရာအဖွဲ့ချုပ် ဒုညွန်ကြားရေးမှူး က ပြောဆိုသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...