KIA တပ်ဖွဲ့ဝင် ၈ ဦးကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး

KIA တပ်ဖွဲ့ဝင် ၈ ဦးကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီး
ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သော KIA တပ်ဖွဲ့ ဝင် ၂ ဦးဖြစ်သည်ဟု ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ Telegram Channal တွင် ဖော်ပြထားသည့် သတင်းဓါတ်ပုံ
ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သော KIA တပ်ဖွဲ့ ဝင် ၂ ဦးဖြစ်သည်ဟု ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ Telegram Channal တွင် ဖော်ပြထားသည့် သတင်းဓါတ်ပုံ

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေတွင် စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့သည် နှစ်ပတ်အတွင်း KIA တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ၂ ဦး၊ မေလ ၁၀ ရက်နေ့တွင် ၆ ဦး တို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရှဒူးဇွပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မေလ ပထမ အပတ်နဲ့ ဒုတိယအပတ်မှာပဲ ၆ ယောယ်ဖမ်းဆီးခဲ့တယ်။ အဲ့ ၆ ယောက်ထဲမှာ တစ်ချို့ကိုတော့ ပြန်လွတ် ပေးပြီးတော့ တစ်ချို့ကိုတော့ ဖမ်းထားဆဲဖြစ်တယ်လို့ ကြားတယ်။ ပြန်လွတ်လာကြတဲ့သူတွေလည်း ဘယ်လိုပုံစံ ပြောပြီး ပြန်လွတ်လာမှန်းမသိဘူး” ရှဒူးဇွပ်ဒေသခံ အမျိုးသားက KNG ကို ပြောသည်။

မေလအတွင်း ဖမ်းဆီးခံရသည့် KIA တပ်သား ၆ ဦးသည် ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာများတွင် သွားလာလှုပ်ရှား နေရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၁၄၊ တပ်ရင်း ၄၃၊ တပ်ရင်း ၄၅ တို့မှ ဖြစ်ကြသည်။

ထို ၆ ဦးထဲမှ အချို့ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း အချို့ကို စစ်ဆေးမေးမြန်းရန်ဟု ဆိုကာ ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင်လည်း ရှဒူးဇွပ်ကျေးရွာအခြေစိုက်ထား ခလရ ၂၉၇ တပ်ရင်းနှင့် ခေါင်းလှော်ချောင်း (ဒေသ အခေါ်) ကြားရှိသော ကားလမ်းမအနီးတွင် လက်နက်အပြည့်အစုံဖြင့် KIA တပ်သား ၂ ဦး ဖမ်းဆီးရရှိသည်ဟု ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဖမ်းဆီးခံရတဲ့ အဲ့ယောက်ကို တစ်ချို့က အလင်းဝင်သွားတယ်လို့လည်း ပြောသလို ပြန်စုံစမ်းကြည့် သလောက် က ဖမ်းဆီးခံရတာလို့လည်း ပြောတယ်။ အဲ့ ၂ ယောက်က ဝါရာဇွပ်ရွာက တစ်ယောက်ဟုတ်တယ်။ နောက်တစ် ယောက်ကတော့ ရှဒူးဇွပ်ကျေးရွာက ဟုတ်တယ်။ အခုက သူတို့လက်ထဲမှာရှိနေတယ်” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့ ဖမ်းဆီးခံရသူ ၂ ဦးထဲမှ တစ်ဦးသည် ဝါရာဇွပ်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဇော်ဆန့်အောင် ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ ရှဒူးဇွပ်ဒေသခံ တစ်ဦးဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသည့် KIA တပ်ဖွဲ့ဝင် ၂ ဦးသည် ဖမ်းဆီးခံရသည့်နောက် ပြည်သူ့စစ်တပ်ဖွဲ့ထံသို့ အလင်း ဝင်သွားသည်ဟု ဒေသအတွင်း သတင်းများထွက်ပေါ်နေသော်လည်း KNG သတင်းဌာနအနေဖြင့် အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပါ။

သို့သော် ‘ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့’ ၏ Telegrm Channel တွင် သေနတ် ၂ လက်၊ စစ်ယူနီဖောင်း ၂ စုံနှင့် ကျည် တောင့် ၅၀ အပါအဝင် KIA တပ်သား ၂ ဦးသည် အညံ့ခံပြီး ဝင်ရောက်လာကြောင်း ‘ရန်သူကအညံ့ခံလျှင် မိမိက ခွင့်လွတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ မိမိတို့တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ရန်သူ့သုံ့ပန်းတစ်ချို့အား ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိပါသည်’ ဟု ရေးသားဖော်ပြထားသည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ သည် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊ စံပြ ကျေးရွာများမှ ဒေသခံများကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၂၀ မှ ၅၀ ကြားထိရယူကာ ပြန်လွတ်ပေးလျက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သော ဧပြီလတွင်လည်း KIA နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ယူဆရသော ဒေသခံ ၁၀ ဦးထက်မနည်းကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးခဲ့ပြီးနောက် တစ်ချို့ကို ဖမ်းဆီးရိုက်နက်စစ်ဆေးပြီး ပြန်လည်လွတ်ပေးခဲ့သလို အချို့ သည် ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

တနိုင်း-လီဒို လမ်းမပေါ်တွင် မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့ အခြေစိုက်ထားသည့် စံပြကျေးရွာနှင့် ဝါရာဇွပ်၊ ရှဒူးဇွပ် စသည့် ဒေသများတွင် KIA တပ်ဖွဲ့ဝင်ဖမ်းဆီးခံရမှု မကြခဏရှိလာပြီး နောက်ပိုင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားရန်ပင် ပိုမို ခက်ခဲလာသည့်အခြေအနေရှိသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...