နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်

နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်

မြစ်ကြီးနား - ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်းသားရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်း တွင် ပြန်လည်နေထိုင်ကြမည်ဟု ပြောသည်။

မလိဆွတ်ဒေသခံ ပြည်သူများသည် ဆယ်စုနှစ်တစ်စုကြာ မြစ်ကြီးနားမြို့ စီတာပူ KBC စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် နေရာကနေ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။

သို့သော် ပြန်လည်ထူထောင်ရေး ကာလဖြစ်သည့်အတွက် ကလေးများစာသင်ကြားနိုင်ရေး စာသင်ကျောင်း ဆောက်လုပ်နိုင်ခြင်း မရှိသေးသောကြောင့် မူလစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ ရာ တာဝန်ရှိသူများက သဘောတူခဲ့သည်ဟု မလိဆွတ်ယန်ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာ မူလတန်းခမူကြိုတွေလည်းပြန်ဖွင့်ရအောင်ဆိုပြီး အစိုးရကျောင်းလို မဟုတ်ရင်တောင် အသင်းတော် က နေ တစ်နိုင်တစ်ပိုင် လုပ်ရအောင်ဆိုပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပေမဲ့ အိမ်တွေတောင်မှ မရှိသေးတာ ကျောင်းပြန်ဆောက်ဖို့ ကူညီမယ့်သူတွေလည်း မရှိဘူးလေ။ ဆရာမတွေလည်း မရှိတဲ့အတွက် နဂို စစ်ရှောင် စခန်းမှာ ပြန်နေကြဖို့ဖြစ်လာတာ” ဟု ပြောသည်။

သို့သော်လည်း ကျောင်းသားရှိသည့် မိသားစုများသာ လာရောက်နေထိုင်ရန်ဖြစ်ပြီး ကျောင်းသား ၅၀ ဝန်းကျင်ရှိ နေသည်။

“ဟိုမှာက ကျွန်မတို့ အိမ်တွေလည်း မရှိသေးတော့ ပိုခက်တာပေါ့၊ အခုထိ မိုးကားတွေ အုပ်ပြီးနေတာ ကျွန်မတို့ ကို ဘယ်အချိန်မှာများ လာလုပ်ပေးမလဲ၊ ကျောင်းတွေပြန်ဆောက်ပေးမလဲ၊ ဖွင့်ပေးမလဲဆိုပြီး စောင့်နေကြ တာ၊ ဆရာမတွေလည်း မရှိ၊ ကျောင်းဖွင့်ချိန်နီးလာတဲ့အထိဘာမှ မလုပ်ပေးတော့ ဒီကိုဘဲပြန်လာနေတာ ကောင်းတယ်ဆိုပြီး လာခဲ့ကြတာ” ဟု စစ်ရှောင်မိခင်တစ်ဦးက KNG ကိုပြောသည်။

ကျောင်းသားမရှိသော အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၀၀ ခန့်သည် ကျေးရွာအတွင်း လယ်ယာ စိုက်ပျိုးရေး လုပ် ငန်း လုပ်ကိုင်စားသောက်ရင်း နေထိုင်လျက်ရှိနေကြသည်။

မလိဆွတ်ယန် စစ်ရှောင်ပြည်သူများသည် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် စီတာပူ KBC စစ်ရှောင်စခန်းသို့ စတင် ခိုလှုံလာရာမှာ ၁၀ နှစ်ကျော်ကြာပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း မေလကုန်ပိုင်းတွင် ကလေးသူငယ်များ၏ ပညာရေးကြောင့် အိမ်ထောင်စု တစ်ဝက်ခန့်က နဂို စစ်ဘေးရှောင်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...