မုန်တိုင်းကြောင့် ရခိုင်က ဆိုလာငါးခြောက်လှန်းရုံ တစ်ဆယ်ကျော် ပျက်စီး၊ ရေလုပ်သားများ အခက်အခဲဖြစ်

မုန်တိုင်းကြောင့် ရခိုင်က ဆိုလာငါးခြောက်လှန်းရုံ တစ်ဆယ်ကျော် ပျက်စီး၊ ရေလုပ်သားများ အခက်အခဲဖြစ်
ပေါက်တောမြို့နယ်၊ ချီဝေကျေးရွာတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆိုလာရုံ။
ပေါက်တောမြို့နယ်၊ ချီဝေကျေးရွာတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆိုလာရုံ။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်တို့မှ ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းထုတ်လုပ်သည့် အခြောက်ခံရုံ တစ်ဆယ်ကျော် ပျက်စီးသွားခဲ့သဖြင့် ဒေသခံများ အခက်အခဲဖြစ်နေကြသည်။

စစ်တွေမြို့နယ်က ကျေးတော(ပိုက်ဆိပ်)၊ သဲချောင်း (မွတ်ဆလင်) ကျေးရွာ၊ ပေါက်တောမြို့နယ်က ချီဝေ၊ ချောင်း ဝ၊ မြတဲကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်က ဂဏန်းတောင်၊ ပြိုင်းတောကျေးရွာတို့တွင် တည်ဆောက်ထားသည့် ဆို လာရုံ ၁၁ ရုံမှာ အားလုံးပျက်စီးသွားခဲ့ပြီး မိုးရာသီတွင် ငါးနှင့် ဟင်းသီးဟင်းရွက်များကို အခြောက်လှန်းရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် ကျေးရွာမှ ဆိုလာငါးခြောက်လှန်းရုံ အသင်းဝင် ဦးကျော်ဌေးက “ငါးခြောက် လှန်း ဆိုလာရုံက မုန်တိုင်းဒဏ်ကြောင့် အကုန်ပျက်စီးသွားပါတယ်။ တောင်သူတွေဆီကထွက်တဲ့ ငရုတ်၊ ပြောင်း၊ ဘူးသီးခြောက်ရယ် အဲလိုမျိုး ဟင်းသီးဟင်းရွက်တွေ မျိုးစုံကို အဲဒီအထဲမှာ အခြောက်ခံတာ။ အခု ပျက်စီးသွား တော့ ရွာသားတွေအနေနဲ့ အခက်အခဲဖြစ်သွားပါတယ်”ဟု ပြောသည်။

ဆိုလာရုံများကို မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သောကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်းနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုး ရေး အစီအစဉ် (UNDP) တို့မှ ကူညီထောက်ပံ့မှုဖြင့် ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် တည်ဆောက်ထားခြင်း ဖြစ် သည်။

၎င်းဆိုလာရုံများကို အမှီပြုပြီး ဒေသခံများမှာ ဒေသထွက် ငါးနှင့် ဟင်းသီးဟင်းရွက် စသည့်ကုန်စည်များကို အခြောက်ခံကာ ဈေးကွက်တွင် ရောင်းချနေကြခြင်းဖြစ်သည်။

ဆိုလာရုံတွင်လှန်းသည့် ငါးနှင့် ဟင်းသီးဟင်းရွက်များကို အနံ့အသက်များ မထွက်စေရန်အတွက် ပန်ကာများ တပ်ဆင်ထားပြီး သဲ၊ ယင်ကောင်၊ ပိုးမွှားများ ကျရောက်ခြင်းမှလည်း ကာကွယ်ပေးသဖြင့် သန့်ရှင်းသော ငါးခြောက်နှင့် အသီးအရွက်ခြောက်များကိုရရှိကြောင်း သိရသည်။

ဆိုလာစနစ်ဖြင့် ငါးနှင့် ဟင်းသီးဟင်းရွက်များ အခြောက်လှန်းခြင်းကို ရာသီမရွေးပြုလုပ်နိုင်ပြီး ရရှိလာသော ကုန်ချောများမှာလည်း စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်စေကြောင်း ဆိုလာစနစ်ဖြင့် ငါးလှန်းသူ များကပြောသည်။

လက်ရှိတွင် ဆိုလာရုံများပျက်စီးသွားသဖြင့် မိုးရာသီကာလတွင် ငါးများကို အခြောက်ခံရန် အခက်အခဲ ရှိလာ သည်ဟု စစ်တွေမြို့၊ ကျေးတောပိုက်ဆိပ်ကျေးရွာမှ ငါးခြောက်လှန်းလုပ်ငန်းကော်မတီ ဥက္က ဦးဦးလှမောင်က DMG သို့ ပြောသည်။

“ရွာမှာ သုံးခုရှိတာ လုံးဝ ပျက်စီးသွားတဲ့ အနေအထားဖြစ်သွားတယ်။ ရွာမှာက အဓိက ရေလုပ်ငန်းကို လုပ်ကြ တာဆိုတော့ မိုးရာသီမှာ အဓိက ငါးလှန်းဖို့ အခက်အခဲရှိသွားမယ်။ ကျနော်တို့ရွာမှာ မိုးရာသီမှာ အဓိက အဲဒီ အထဲမှာ ငါးကိုအခြောက်ခံကြတာဖြစ်တယ်” ဟု ဦးဦးလှမောင်က ဆက်ပြောသည်။

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်က ဆိုလာရုံများမှာ ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၁၅၀၊ ကျပ်သိန်း ၄၀၀ နှင့် ကျပ်သိန်း ၆၀၀ တို့ဖြင့် ဆိုလာရုံအမျိုးအစားအလိုက် တန်ဖိုးကွာခြားကြသည်။

ဆိုလာစနစ်ဖြင့် နေလှန်းသည့်နည်းပညာများကို ကူညီပံ့ပိုးပေးနေသူ ဦးဆန်းဝင်းအောင်က “ဒီဆိုလာရုံတွေက နိုင်ငံတကာရဲ့ အဖွဲ့အစည်းတော်တော်များများက ကူညီထောက်ပံ့ပေးထားတာဖြစ်တယ်။ ပြီးတော့ ရေလုပ် သား တွေအနေနဲ့ ဒီလိုဆိုလာရုံကို လုပ်ဖို့အတွက် ငွေကြေးမတတ်နိုင်တော့ဘူးလေ။ ပြီးတော့ ဒီဆိုလာ အခြောက် ခံရုံက မြန်မာနိုင်ငံက တီထွင်တာမဟုတ်ပါဘူး။ အပူပေးတဲ့ အပြားလေးတွေကို ထိုင်းက တီထွင်လိုက်တာ ဆိုတော့ ဒီလိုကုန်ပစ္စည်းတွေကို ထိုင်းက မှာယူရမှာဆိုတော့ ပစ္စည်းမှာယူရမှာလည်း အခက်အခဲတွေရှိပါတယ်” ဟု ပြောသည်။

ရခိုင်က ဒေသခံရေလုပ်သားများ အခက်အခဲမဖြစ်စေရန်အတွက် လက်ရှိပျက်စီးသွားသည့် ဆိုလာရုံများကို အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကူညီပေးရန် လိုလားနေကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...