စစ်ကောင်စီတပ်၏ ကင်းစခန်းပစ်ခံရ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ရ

စစ်ကောင်စီတပ်၏ ကင်းစခန်းပစ်ခံရ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ရ

ကချင်ပြည်နယ် မိုးကောင်းမြို့အရှေ့ဘက်ရှိ ဝေပုလတောင်ခြေအောက်ရှိ စစ်ကောင်စီတပ် ခလရ ၇၄ တပ်၏ ကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၃ ရက်နေ့ ညနေ ၅နာရီဝန်းကျင် လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

“လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့လာပြီးပစ်တာ သေနတ်အချက်ရေ ဆယ်ချက်ကျော် တစ်ခါထဲ ဆွဲပစ်သွားကြတာ ဟုတ်တယ်။ KIA ကထုတ်တဲ့ KK 74 အသံပဲ၊ ပစ်ပြီး အေးဆေးဆုတ်ခွာသွားကြတာ။ စစ်ကောင်စီဘက်က ဘာမှ တောင် ပြန်မလုပ်နိူင်ဘူး” ဟု ပြောသည်။

ပစ်ခတ်ခံရမှုတွင်  စစ်ကောင်စီ တပ်သား ၂ ဦးအနက် တစ်ဦးသည် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးမှုရှိခဲ့ကာ နောက်ထပ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ရရှိသွားသည့်အတွက် လက်ရှိတွင် ဆေးကုသခံယူနေရသည်။

ပစ်ခတ်ခံရသည့်နေရာသည် ခလရ ၇၄ တပ်ရင်းနေရာ ဖြစ်သော်လည်း လက်ရှိတွင် တပ်ထိုင်ထားခြင်းမရှိဘဲ တနိုင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် အခင်းဖြစ်သည့် နေရာသည် အခြားမြို့နယ်များဘက်မှ ရှေ့တန်းထွက်သည့် စစ်ကောင်စီတပ်ဖွဲ့များ ခေတ္တဝင်ရောက်နားလေ့ရှိသော နေရာတစ်ခုလည်း ဖြစ်သောကြောင့် ဧည့်တပ်ဟု ခေါ်ဝေါ်ကြကြောင်း ဒေသခံများပြောဆိုသည်။

အခြား မိုးကောင်းဒေသခံတစ်ဦးက “အများအားဖြင့်တော့ တစ်ခြားနေရာက ရှေ့တန်းသွားတဲ့စစ်ကြောင်းတွေ နားတာဟုတ်တယ်။ မနေ့က ပစ်ခံရတာတဲ့ တပ်ရင်းက ဘယ်တပ်ရင်းလဲတော့ မသိဘူး။ သူတို့စစ်ကြောင်းလာ နားတဲ့ အချိန် ကင်းစောင့်တဲ့သူတွေလည်း ရှိတယ်။ မနေ့ကပစ်ခံရတာ ကင်းစောင့်တဲ့သူတွေလေ” ဟု ပြော သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့တွင်းနှင့် မြို့ပြင်နေရာများတွင် စစ်ကောင်စီ လက်အောက် ရှိသော ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်တပ်ဂိတ်များ ပိုမိုချဲ့ထားပြီး ငွေကြေး ကောက်ခံမှုများ ပိုများလာနေသည်ဟု ဆိုကြသည်။

ထို့အပြင် မေလ ၁၀ ရက်နေ့တွင် မိုးကောင်းမြို့ပေါ်ရှိသော တရားရေးရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုရှိခဲ့ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်လည်း EPC ရုံးနှင့် မိုးကောင်း အ.ထ.က ကျောင်းရှေ့တွင် ဗုံးခွဲခံရမှုများလည်းရှိခဲ့သည်။

ယခုကဲ့သို့ ဖောက်ခွဲခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းနေရာများ တွင် ညတွင်းအချိန် စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်နေသည်ဟု မြို့ခံများကပြောသည်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...