မြောက်ဦးက ရှေးဟောင်းဘုရားပုထိုးများတွင် အသစ်ပြုလုပ်ထားသည့် နေရာအချို့ မုန်တိုင်းကြောင့် ပျက်စီး

မြောက်ဦးက ရှေးဟောင်းဘုရားပုထိုးများတွင် အသစ်ပြုလုပ်ထားသည့် နေရာအချို့ မုန်တိုင်းကြောင့် ပျက်စီး

အားပြင်းသည့် “မိုခါ”မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့က ရှေးဟောင်းဘုရားပုထိုးနှင့် စေတီငယ်အချို့တွင် ထိခိုက်မှုရှိခဲ့သည်။

ကျောက်ဖြင့် ထုဆစ်ထားသည့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိခဲ့သော်လည်း အသစ်ပြန်လည် မွမ်းမံထားသည့် ရှေးဟောင်း အဆောက်အအုံနှင့် တံတိုင်းအချို့မှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည်ဟု မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

ဒေါ်ခင်သန်းက “ရှေးခေတ်ကတည်းကနေ ထုထည်နဲ့ ဆောက်လုပ်ထားတာတွေက ပြိုပျက်တာ ဘာမှမရှိဘူး။ ဒါပေမယ့် နောက်ပိုင်း အသစ်ပြင်ဆင်လိုက်တဲ့ အဆောက်အအုံထဲမှာ ထီးတင်တဲ့ ပုထိုးတွေ၊ အပင်ကြီးတွေ၊ တံတိုင်းတွေ ကျိုးပဲ့သွားတာတွေ ရှိတယ်။ ကိုးသောင်းဘုရားမှာဆိုရင်လည်း အသစ်ပြင်လိုက်တဲ့ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ အဓိကတော့ ခေတ်သစ်အဆောက်အဦးတွေ ပျက်စီးတာကို တွေ့ရပါတယ်” ဟု ပြော သည်။

မြောက်ဦးမြို့က သမိုင်းဝင် ကိုးသောင်းဘုရားတွင်လည်း စေတီငယ်အများအပြားမှာ ထိပ်ဖူးတော်များ ကျိုးပဲ့ ပျက်စီးသွားသည်ကို DMG မှ တွေ့မြင်ခဲ့ရသည်။

မုန်တိုင်းကြောင့် မြောက်ဦးမြို့တွင် နေအိမ်ပျက်စီးမှု အနည်းအကျဉ်းသာ ရှိခဲ့သော်လည်း နှစ်ရှည်သစ်ပင်များ ကျိုးပဲ့၊ လဲကျခြင်းများရှိခဲ့သည်။ ယင်းအထဲတွင် ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၏ ပုရဝုဏ် အတွင်းရှိ နှစ်ရှည်သစ်ပင်ကြီးများလည်း ပါဝင်သည်။

ကိုးသောင်းဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးမောင်ညွန့်က “ကိုးသောင်းရင်ပြင်မှာရှိတဲ့ စေတီတွေဟာ အရင်ကတည်း ကနေလည်း လူတွေကြောင့် ပျက်စီးတာရှိတယ်။ အသစ်ပြုပြင်ထားတဲ့ စေတီလေးတွေဟာ လေမုန်တိုင်း ကြောင့် ထိပ်ဖူးလေးတွေ အနည်းငယ် ပြုတ်ကျသွားတယ်။ ခေါင်မိုးတွေလည်း လန်သွားတယ်။ အဓိကအရေး ပါတာ နောက်တစ်ခုက ဘုရားရှေ့မှာရှိတဲ့ အရိပ်ရတဲ့သစ်ပင်တွေ လဲသွားတော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် မြောက်ဦးမြို့မှ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနဌာနက စာရင်းကောက်ယူနေဆဲဖြစ်သည်ဟု ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“မိုခါ”မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၅ ရွာမှ နေအိမ်စုစုပေါင်း ၂၈,၀၀၀ ကျော် ပျက်စီးသွားခဲ့ပြီး ကျွဲ၊နွားအကောင်ရေ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းဇယားများအရ သိရသည်။

ရခိုင်ပြည်အတွင်း မေလ ၁၈ ရက်နေ့အထိ စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးခဲ့သူ ၁၄၅ ဦးရှိခဲ့ပြီး ကျွဲ၊ နွားများ သေဆုံးမှု သောင်းချီရှိခဲ့ကာ နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။

ပုံစာ - “မိုခါ”မုန်တိုင်း တိုက်ခတ်ပြီးနောက် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရားပုထိုးများကို တွေ့ရစဉ်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...