ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ် နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု စွပ်စွဲပြီး ပိတ်ဆို့ဖမ်းဆီးသွားဟု နီးစပ်သူများက ပြောသည်။

မေလ ၁၀ ရက်နေ့၊ ည ၄ နာရီအချိန်ခန့်တွင် ငှက်ပျောတောရပ်ကွက် ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဥရုချောင်းတံတားထိပ်၌ ပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု ဖားကန့် PDF နှင့် ရင်းနှီးသည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ကြည့်ရတာ တစ်ယောက်ယောက်က ချွန်လိုက်တာနေမှာ စစ်သားတွေက တံတားထိပ်မှာ ကြိုတင်စောင့်နေတာ ပိတ်စို့ပြီးဖမ်းခံရတာ။ လေးယောက်လုံးလူငယ်တွေပဲ အတူတူလာတဲ့ချိန် ဖမ်းခံလိုက်ရတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်လေးဦးကို စစ်တပ်က ဗျူဟာကုန်းဘက်သို့ ခေါ်ဆောင်သွားသည်ဟုသိရပြီး ဖမ်းခံရသူ များ၏ နာမည်ကို KNG မှ စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်တွင် အသစ်ထပ်ပြောင်းလာသည့် တပ်မမှူးသည် ဖမ်းဆီးရမိသည့် ပြည်သူများကို ရဲလက်မအပ်ပဲ စစ်တပ်ဗျူဟာကုန်းတွင်သာ ထားရှိမည်ဟု အမိန့်ထုတ်ထားပြီး KIA၊ PDF နှင့် တော်လှန်ရေးတွင် ပါဝင်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ချက်ချင်း သတ်ပစ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ဟိုနေ့က လေးယောက် ပါသွားတာဟုတ်တယ်။ ဘယ်သူတွေပါသွားလဲ ဆိုတာစုံစမ်းနေတုန်း။ အခုအသစ် ပြောင်းလာတဲ့ တပ်မမူးက ကြမ်းတယ်တဲ့။ သူတို့မသင်္ကာလို့ ဖြစ်ဖြစ် ဘာကြောင့်မဆို ဖမ်းထားတဲ့သူ မှန်သမျှ ကို ရဲလက်မအပ်တော့ဘူး သူတို့ပဲကိုင်မယ်။ မိတာနဲ့ သတ်ပစ်မယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု ၎င်းက ပြော သည်။

စစ်ကောင်စီတပ်သည် အဆိုပါ လူငယ်လေးဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့သည့်အပြင် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ဆိုင်းတောင်ကျေးရွာ မှော်ရှန်ရပ်ကွက်နေ ဦးမြင့်ဆွေ၏သားဖြစ်သူ ဓားထိုးသတ်ခံရပြီး ယင်းပြစ်မှု ကို ကျူးလွန်ထားသူများဟုလည်း စွပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်တွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော် ဖမ်းဆီးခံရမှု၊ ၂၁ ရက်နေ့က မှော် (မဒဲန်ယန်) ရွာသား ၂၀၀ နီးပါး ဖမ်းဆီးခံရမှုများရှိခဲ့သည်။

ထို့အပြင် ဧပြီလ ၂၆ ရက်နေ့က ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးမှုနှင့် ၂၉ ရက်နေ့တွင် မလန်းယန် ရွာသား ၂၉ ဦး တို့အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

Photo - ဖားကန့်မြို့တွင်းနေရာ

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...