နေပြည်တော်၊လယ်ဝေး လေဆင်နှာမောင်း ၆ ဦးထက်မနည်းသေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ၊ နေအိမ် ၂၀၀ ကျော်ပျက်စီး

နေပြည်တော်၊လယ်ဝေး လေဆင်နှာမောင်း ၆ ဦးထက်မနည်းသေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ၊ နေအိမ် ၂၀၀ ကျော်ပျက်စီး

နေပြည်တော်၊လယ်ဝေးမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂၁ရက်ညနေက လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ နေအိမ် ၂၀၀ကျောက် ပျက်စီးခဲ့သလို လူခြောက်ဦးထက်မနည်းသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

" ညနေ ၅ နာရီလောက်ကတည်းက ရာသီဥတုက ပုံမှန်မဟုတ်တော့တာ။ နောက်တော့ လေဆင်နှာမောင်း တိုက်တော့တာပဲ။ လေက တော်တော်ကို ပြင်းထန်တယ်။ လူတွေလည်း သေကြတယ်။ အိမ်တွေလည်း တော်တော် ကုန်တယ်" ဟု လယ်ဝေးဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံသတင်းရင်းမြစ်များမှတဆင့်မဇ္ဈိမမှ လတ်တလောရရှိထားသော သတင်းအရ သေဆုံးသူ ခုနှစ်ဦးရှိပြီး ဒဏ်ရာရသူအများအပြားလည်း ရှိနေကြောင်း၊ ဒဏ်ရာရသူများကို လယ်ဝေးမြို့နယ်ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်ဆေးရုံတွင် ပို့ဆောင်ကုသထားကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနက ယနေ့ နံနက်အစောပိုင်း ထုတ်ပြန်ချက်တွင် လယ်ဝေးမြို့နယ်၊ရွှေဟင်္သာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် ကံသာကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီလ ၂၁ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က လေပြင်းတိုက်ခတ်ခဲ့ပြီး လူ ခြောက်ဦးသေဆုံးကာ ၁၀၉ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ စိုးရိမ်ရသော လူနာ ၁၆ဦးရှိပြီး အဆိုပါ ရွာနှစ်ရွာမှ နေအိမ် ၂၃၂ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။ဒေသခံများကမူ လေဆင်နှာမောင်းသည် ညနေ ၆ နာရီခန့်မှ စတင်တိုက်ခတ်ပြီး မိနစ်အနည်းငယ်အတွင်း အပျက်အစီးများခဲ့ခြင်းဟုဆိုသည်။

" ဒဏ်ရာရသူတွေထဲမှာ ၂၀ နီးပါးက အရေးပေါ် ကုနေရတုန်းလို့ သိရပါတယ်"ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ၂၂ရက် နံနက် ၈နာရီခန့်တွင် ပြောသည်။

ယခုကာလ (ဧပြီလ‌နှောင်းပိုင်း)သည် မိုးကြိုကာလဖြစ်ပြီး ဒေသအများစု၌ နေ့အပူချိန်များ မြင့်တက်နေချိန်တွင် လေထုမတည်မငြိမ်ဖြစ်တတ်ကြောင်း၊ ထိုရာသီဥတုအခြေအနေက အပူချိန်မြင့်သော ဒေသများတွင် ညနေပိုင်းအချိန်များ၌ လေပြင်းကျခြင်း၊ နေရာကွက် မိုးသည်းထန်စွာရွာခြင်း၊ စိုက်ဆင်းလေပြင်းဟု ခေါ်သော လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ အဖြစ်များသောကြောင့် သတိပြုနေထိုင်ကြရန် မိုးလေဝသဆိုင်ရာလေ့လာနေသူများက သတိပေးထားကြသည်။

စာတည်း - မောင်ကြီး

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...