ကာမိုင်း စစ်ရှောင်အိမ်ထောင်စုများအား မြေနေရာ ချထားပေးမည်ဖြစ်ပြီး အခြားအကူအညီများလည်း လိုအပ်လျက်ရှိ

ကာမိုင်း စစ်ရှောင်အိမ်ထောင်စုများအား မြေနေရာ ချထားပေးမည်ဖြစ်ပြီး အခြားအကူအညီများလည်း လိုအပ်လျက်ရှိ

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာရှိတဲ့ စစ်ရှောင်အိမ်ထောင်စု ၃၀ ကျော် နေထိုင်ဖို့ မြေနေရာချထားရေးတွေ လုပ်ဆောင်နေတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေက ပြောပါတယ်။

မိမိနေရပ်ကို ပြန်ဖို့အတွက် အခုအချိန်ထိ စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တာကြောင့် ကာမိုင်းမြို့နယ်အတွင်းမှာပဲ နေရာချထားရေးကို လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ စစ်ရှောင်တွေကို ပြန်လည်နေရာချထားရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကောင်ရာ KBC အသင်းတော်မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“အရေးကြီးတာက သူတို့ရဲ့ လိုင်နောင်းခူးဆိုတဲ့ရွာမှာက နှစ်ဖက်စလုံးက လက်နက်ကိုင်တွေ စစ်ရေးလုပ်ရှားတဲ့ နေရာဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက လက်နက်ကိုင်တွေက မပြန်ခိုင်းသေးတဲ့ နေရာဒေသဖြစ်တယ်။ ဒါကြောင့် သူတို့ဒေသကိုတော့ ပြန်လို့မရသေးဘူး။ အဲဒါကြောင့် အခုအချိန်မှာ သူတို့ပြန်လို့မရသေးတဲ့အတွက် ခိုလုံလို့ရတဲ့ နေရာမှာ ရွာသားတွေနေဖို့ မြေနေရာကို ကျွန်တော်တို့ ရှာပေးတာဖြစ်ပါတယ်။” လို့ တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ လိုင်နောင်း၊ ထွယ်ဆန်ယန်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC) ဘုရားကျောင်းဝင်းမှာ အိမ်ထောင်စု ၂၆ စု၊ ကက်သလစ်အသင်းတော်(RC) ဘုရားကျောင်းဓမ္မာရုံမှာ အိမ်ထောင်စု ၁၂ စုတို့ နေထိုင်ကြတယ်လို့ သိရပါတယ်။

ကက်သလစ်အသင်းတော်(RC) ဘုရားကျောင်းဓမ္မာရုံမှာနေတဲ့ သူတွေကို နန့်ဆီးအင်ချောင်းနားမှာ နေရာချထားဖို့ အဲဒီကကျေးရွာလူကြီးတွေနဲ့ ညှိနှိုင်းပြီး မြေနေရာပိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင်ပေးပြီးတော့ နေအိမ်တွေကိုတော့ ကရုဏာဖောင်းဒေးရှင်း(KMSS) က တာဝန်ယူလုပ်ဆောင်ပေးတယ်လို့လည်း သိရပါတယ်။

အကွက်ချတာတွေ၊ အိမ်ဆောက်တာတွေနဲ့ ရွာအတွက်လိုအပ်တဲ့ ရေတွင်းတွေကအစ လုပ်ဆောင်နေပြီး ဒီလကုန်ရင်ပြီးစီးသွားရင် လာမယ့် မေလဆန်း ၂ ရက်နေ့မှာ ပြောင်းရွှေ့ပေးတော့မှာ ဖြစ်တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC) ဘုရားကျောင်းဝင်းမှာ နေတဲ့သူတွေကိုလည်း ကာမိုင်း၊ ကောင်ရာရပ်ကွက် ၃ မှာ မြေနေရာချထားဖို့ မြေ ၁၉ ဧက ရရှိထားပြီဖြစ်ပေမဲ့ လမ်းဖောက်လုပ်ဖို့၊ ရေတွင်းတူးဖို့အပြင် တံတားနှစ်စင်းလုပ်ဖို့နဲ့ အိမ်ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရွာလမ်းမကြီးနဲ့ လမ်းကြားတွေကို ဖောက်လုပ်ဖို့အတွက် ကုန်ကျမယ့် ဓာတ်ဆီ ၁၀ ပေပါဖိုးနဲ့ ပေ ၂၀ လောက်ရှည်တဲ့ တံတား ၂ စင်းဆောက်ဖို့အတွက် ကုန်ကျငွေတွေအပြင် ရေတွင်းနဲ့ ရေဘုံဘိုင်တွေဆောက်ပေးဖို့ ငွေတွေလိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် သိန်း ၃၀ နဲ့ ၅၀ ကြားမှာရှိတဲ့ အိမ်အလုံးပေါင်း ၂၆ လုံးအတွက် ကုန်ကျငွေတွေလည်း လိုအပ်နေတဲ့အတွက် ဆက်လက်ပြီး ဝိုင်းဝန်းကူညီပေးဖို့ကိုလည်း ပြန်လည်နေရာချထားရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကော်မတီဝင်တစ်ဦးက စစ်ရှောင်တွေကိုယ်စား တောင်းဆိုပါတယ်။

အထက်ပါ စစ်ရှောင်တွေဟာ ဖားကန့်ဇုန်နယ်၊ လိုင်နောင်းခူး(မန်ဝိုင်)ကျေးရွာမှာ KIA နဲ့ စစ်ကောင်စီစစ်တပ်တို့ ရွာအတွင်း တိုက်ပွဲဖြစ်ပွားတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ထွယ်ဆန်ယန်ကျေးရွာမှာ လာခိုလှုံကြတဲ့ သူတွေဖြစ်ပါတယ်။

စစ်ရှောင်တွေအနေနဲ့ အခုခွဲဝေပေးတဲ့ အကျယ်ပေ ၆၀ ပတ်လည်ရှိတဲ့ မြေနေရာတွေကို အပိုင်ရရှိမှာဖြစ်ပြီး အကွက်တွေကိုတော့ မဲနှိုက်ပြီး ပေါက်တဲ့နေရာမှာ နေထိုင်ခွင့်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...