ပူတာအိုမြို့နယ်တွင် အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးနေပြီး အလှည့်ကျသည့် နေ့တွင်လည်း မီးပုံမှန်မရရှိ

ပူတာအိုမြို့နယ်တွင် အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးနေပြီး အလှည့်ကျသည့် နေ့တွင်လည်း မီးပုံမှန်မရရှိ

ပူတာအိုမြို့နယ်မှာ အလှည့်ကျမီးပေးစနစ်နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး အလှည့်ကျတဲ့နေ့မှာလည်း မီးပုံမှန်မရရှိတဲ့အတွက် ဒေသခံတွေ အခက်အခဲဖြစ်နေကြပါတယ်။

ပူတာအိုဒေသမှာ မတ်လကစတင်ပြီး နှစ်ရက်ခြားတစ်ကြိမ် အလှည့်ကျ မီးပေးနေတာဖြစ်ပြီးတော့ အလှည့်ကျတဲ့နေ့မှာလည်း မီးအပြည့်အဝမရရှိဘူးလို့ ပူတာအိုမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဘယ်ချိန်လာမှန်းတောင် ပြောလို့မရတော့ဘူး ။ လာချင်တဲ့အချိန်လာ ပျက်ချင်တဲ့အချိန်ပျက်။ ပုံမှန်လည်းမဟုတ်တော့ဘူး။”လို့ အထက်ပါမြို့ခံက ဆိုပါတယ်။ အလှည့်ကျတဲ့ရက်မှာ ဘယ်နှစ်နာရီ မီးပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရတဲ့အတွက် အလုပ်နှောင့်နှေးပြီး အခက်အခဲ ကြုံတွေ့ရတာကြောင့် လျှပ်စစ်ဓာတ်အားပေးတဲ့စနစ်ကို အချိန်စနစ်တကျ သတ်မှတ်ပေးစေလိုတယ်လို့ ပူတာအို ဒေသခံနောက်တစ်ဦကလည်း ပြောပါတယ်။

“တစ်ရက်ကို သူတို့ပေးတဲ့အချိန် ဘယ်နှစ်နာရီလဲ ၆ နာရီလား၊ ၈ နာရီလား စသဖြင့် တိတိကျကျလေး ပြောပေးရင်တော့ ကောင်းတာပေါ့။ အလှည့်ကျမဲ့နေ့တော့ဟုတ်တယ်။ ဒါပေမဲ့ မီးကမလာဘူးလေ။” လို့ ဆိုပါတယ်။

လျှပ်စစ်မီးပုံမှန်မရရှိပေမဲ့ မီတာခကတော့ ပုံမှန်သွားဆောင်နေရပြီး မီးပုံမှန်မရရှိတာကြောင့် အလုပ်ကိစ္စဆွေးနွေးဖို့ ချိန်းထားတာတွေမှာလည်း အခက်အခဲများစွာ ကြုံတွေ့ရတယ်လို့ နောက်ထပ်ဒေသခံဆီက ကြားသိရပါတယ်။

လျှပ်စစ်မီးပုံမှန်မရရှိတဲ့အတွက် ဒေသခံတွေဟာ ရေတင်ဖို့ခက်ခဲတာ၊ ထမင်းဟင်းချက်ပြုတ်တာတွေမှာ အခက်အခဲများစွ ာကြုံတွေ့ရပြီး မီးစက်အသုံးပြုဖို့လည်း စက်သုံးဆီဈေးကြီးမြင့်တာတွေကြောင့် အခက်အခဲရှိတယ်လို့ ဆိုကြပါတယ်။

ပူတာအိုမြို့နယ်မှာ အစိုးရက အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး နွေရာသီဆိုရင် ရေဝင်ရောက်မှုနည်းလေ့ရှိတယ်လို့ သိရပါတယ်။

နွေရာသီကာလ ချောင်းရေဝင်ရောက်မှု နည်းပါးတာကြောင့် အုပ်စု ၃ ခုခွဲဝေပြီး ဝန်အားထိန်းညှိဖို့အတွက် ဒေသအာဏာပိုင်နဲ့ ဌာနဆိုင်ရာရုံးစိုက်ရာနေရာတွေ ၊ တပ်ရင်းတပ်ဖွဲ့နေရာတွေ၊ ဆေးရုံ၊ ရဲစခန်းနဲ့ ဘဏ်တွေကလွဲပြီး တခြားမီးသုံးစွဲတဲ့ နေရာတွေကို အလှည့်ကျစနစ်နဲ့ ဓာတ်အားပေးသွားဖြစ်တယ်လို့ ရေးသားထားတဲ့ ရုံးစာတစ်စောင်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...