ရခိုင်တွင် ဆန်ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲကြုံနေရ

ရခိုင်တွင် ဆန်ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲကြုံနေရ
စစ်တွေမြို့အတွင်းက လက်လုပ်လက်စား အခြေခံလူတန်းစားများအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
စစ်တွေမြို့အတွင်းက လက်လုပ်လက်စား အခြေခံလူတန်းစားများအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG

ရခိုင်ပြည်တွင် ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ဆန်စပါးဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

ဇန်နဝါရီလအတွင်းက ပေါ်ဆန်းမွှေးတစ်အိတ်ကို ဈေးနှုန်း ၅၇၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ပေါ်ဆန်မွှေး တစ်အိတ်ကို ငွေကျပ် ၇၇၀၀၀ အထိ ရှိလာနေသည်။ ယင်းအပြင် ဧည့်မထဆန်တစ်အိတ်ကို ယခင်က ဈေးနှုန်း ၄၈၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၆၈၀၀၀ အထိ မြင့်တက်လာသည်ဟု စစ်တွေမြို့ရှိ  ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အလုပ်အကိုင်များ ရှားပါးပြီး စီးပွားရေး အဆင်မပြေဖြစ်နေချိန်တွင် ယခုကဲ့သို့ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် စားဝတ်နေရေးကို ပိုပြီးအခက်အခဲဖြစ်စေသည်ဟု စစ်တွေမြို့တွင် ကြံရည်ရောင်းချနေသည့် ဦးဦးမောင်က ပြောသည်။  

“အလုပ်အကိုင်တွေကလည်း အဆင်မပြေ။ စီးပွားရေးကလည်း အဆင်မပြေဘူး။ ဆန်တွေကလည်း ဈေးတက်နေတော့ အခက်အခဲဖြစ်ရတယ်ပေါ့။ အရင်ကဆိုရင် ဆန်တစ်သစ်ကို (နို့ဆီဘူးလေးလုံး) ရှစ်ရာ၊ တစ်ထောင်ကျော်လောက်နဲ့ရတယ်။ အခုဆိုရင် နှစ်ထောင်ကျသွားပြီ။ အခုဆိုရင် ကျပ်တည်းတယ်ပေါ့။ အရင်နဲ့က သိပ်ကွာသွားပြီ။ ဆီတွေဈေးတက်၊ ဆန်တွေဈေးတက်နဲ့ အကုန်လုံးဈေးတက်နေတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ပေါ်ဆန်းမွှေးဆန် သီးသန့်ကို ယခင်က စားသုံးနိုင်ခဲ့သော်လည်း လက်ရှိတွင် ဆန်ဈေးများ အဆမတန် မြင့်တက်လာသဖြင့် ပေါ်ဆန်းမွှေးဆန်ကို ဆန်ကြမ်းများနှင့်ရောပြီး စားသုံးနေရသည်ဟု ဆတ်ရိုးကျရပ်ကွက်မှ ကူးတို့သည် ဦးဆန်းဝင်းမောင်က ပြောသည်။

“လှေခတ်တာက ပိုက်ဆံတစ်သောင်းလောက်ကို ရှာရတာ မလွယ်ဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ စားဝတ်နေရေးက အဆင်မပြေဘူး။ အခက်အခဲနဲ့ကြုံနေရတယ်။ အရင်ကဆိုရင် ဆန်အကောင်းလေး စားနိုင်သေးတယ်။ အခုဆိုရင် ပေါ်ဆန်းမွှေးနဲ့ ဆန်းကြမ်းနဲ့ရောပြီး စားနေရတယ်။ ပြီးရင် ဒီမှာ အလုပ်လုပ်တဲ့သူတွေက များလာတော့ အလုပ်လုပ်ရတာက လုံးဝကို အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေသာ တက်တယ်။ အလုပ်တွေကသာ အဆင်မပြေဘူး”ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

နိုင်ငံရေးအကျပ်အတည်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်တွင် အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုသည် လက်လုပ်လက်စား အခြေခံလူတန်းစားများကို ပို၍အခက်အခဲ ဖြစ်စေသည်ဟု ဆိုကြသည်။

မုန့်တီရောင်း၍ စားဝတ်နေရေးကို ဖြေရှင်းနေသည့် စစ်တွေမြို့ဒေသခံ ဒေါ်မအေးသောင်းက “အခက်အခဲတွေက အများကြီးရှိတယ်။ လင်မယားနှစ်ယောက် အလုပ်လုပ်နေတာတောင် လိုက်မမီဘူး။ သမီးလေး ကျောင်းခတစ်လ သုံးသောင်း။ လကုန်ရင် မပေးနိုင်ဘူး။ ထမင်းတစ်နပ် အ‌ကောင်းမစားရဘဲ  ပိုက်ဆံကကုန်သွားတယ်။ ပိုက်ဆံက လုံးဝအသုံးမခံဘူး။ ဆန်တစ်အိတ်ကုန်သွားရင် တစ်အိတ်မဝယ်နိုင်ဘူး။ ဝယ်ဖို့အတွက် ရွှေတွေပေါင်နှံလိုက်ရင် အဲဒီရွှေကို မရွေးနိုင်တော့ဘူး။ ဘယ်လိုလုပ်ရတော့မလဲ”ဟု သူကပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်၊ စပါးစိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစုစရိတ်ကြီးမားခြင်းနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်မှုများကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ထိုသို့ စပါးအထွက်နှုန်း ကျဆင်းသွားသည့်အတွက် ဆန်ဈေးနှုန်းတွေ မြင့်တက်လာနေခြင်းဖြစ်သလို ဆန်ဈေးနှုန်းများမှာ ယခုထက်ပို၍ မြင့်တက်လာနိုင်ခြေရှိသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

“ဒီနှစ်က မနှစ်ကထက်စာလို့ရှိရင် ဆန်ဈေးက ကျနော်တို့ ရခိုင်မှာ ပိုပြီး တက်လာမယ်လို့ သုံးသပ်တယ်။ ဘာလို့လဲဆိုရင် ရခိုင်မှာက လေမုန်တိုင်းနဲ့ ပျက်စီးသွားတာမျိုးတွေ ရှိတယ်။ ပြီးရင် ဓာတ်မြေဩဇာတွေလည်း ဈေးတက်သွားတာမျိုးတွေရှိတယ်။ ဒါကြောင့် ဆန်စပါးဈေးနဲ့ပတ်သက်လို့ လယ်သမားတွေဟာ ဈေးမြင့် လာမယ်ဆိုတာသိတယ်။ အကိုတို့ ဆန်ရောင်းတဲ့သူတွေလည်း သိတယ်။ ဒါကြောင့် ဆန်ဈေးမြင့်လာတယ်လို့ ထင်တယ်”ဟု စစ်တွေမြို့ရှိ စတား ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ  ဦးမင်းမြတ်စိုးက ပြောသည်။

စစ်တွေမြို့တွင် ဆန်ပွဲရုံ ၆၀ ကျော်ရှိပြီး ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ ၊ မောင်တောစသည့် မြို့နယ်တို့ကို တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ရခိုင်မှ ထွက်ရှိသည့် ဆန်များကို ရန်ကုန်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တင်ပို့ရောင်းချမှုများရှိနေသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...