ပြန်လည်လက်ခံမည့် မွတ်ဆလင်ဒုက္ခသည် ၁,၀၀၀ ဦးထဲက ၂၀၀ ကျော်စာရင်းကို စစ်ဆေးပြီးဖြစ်

ပြန်လည်လက်ခံမည့် မွတ်ဆလင်ဒုက္ခသည် ၁,၀၀၀ ဦးထဲက ၂၀၀ ကျော်စာရင်းကို စစ်ဆေးပြီးဖြစ်
ဘင်္ဂလားဒေ့ရှ် တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေးရုံးတွင် စစ်ဆေးခံနေသည့် မွတ်ဆလင် ဒုက္ခသည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ဘင်္ဂလားဒေ့ရှ် တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေးရုံးတွင် စစ်ဆေးခံနေသည့် မွတ်ဆလင် ဒုက္ခသည်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ ပြန်လာနိုင်ရေးအတွက် စစ်ကောင်စီ တာဝန်ရှိသူများအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဒုက္ခသည်များအား စိစစ်မှုများပြုလုပ်နေပြီး မတ်လ ၁၅ ရက်နေ့မှ ယနေ့ မတ် ၁၇ ရက်)နေ့အထိ လူဦးရေ ၂၃၀ ကျော်ကို စစ်ဆေးပြီးဖြစ်ကြောင်း ဒုက္ခသည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် တာဝန်ရှိသူတို့ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေး စခန်းရုံးတွင် မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံကာ အချက်အလက်များကို စစ်ဆေးနေခြင်းဖြစ်သည်။

“သူတို့ (စစ်ကောင်စီ)က ပထမဆုံးအဖြတ်အနေနဲ့ လူဦးရေ ၁,၀၀၀ လက်ခံမယ်ဆိုပြီးတော့ ပြောထားတဲ့အတွက် အဲဒီလူဦးရေစာရင်းတွေကို စစ်ဆေးနေတယ်။ အခုတော့ ၂၃၀ ကျော်လောက် စစ်ဆေးပြီးသွားပြီ။ သူတို့မှာ ပါလာတဲ့ လူဦးရေစာရင်းတွေကိုပဲ စစ်ဆေးနေတာပါ။ ဒုက္ခသည်တွေက ဘာမှတောင်းဆိုခွင့် မရဘူး”ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုအောင်မြိုင်က DMG သို့ပြောသည်။

လက်ရှိ စစ်ကောင်စီက လူဦးရေစာရင်းကောက်ခံနေသည့် နေရာများမှာ ဒုက္ခသည်စခန်း အမှတ် ၂၅၊ ၂၆၊၂၇ တို့တွင်ဖြစ်ပြီး ယင်းအထဲတွင် ဟိန္ဒူဘာသာဝင်များလည်း ပါဝင်ကြောင်း သိရသည်။

မွတ်ဆလင် ဒုက္ခသည်များထဲမှ လူဦးရေ ၁,၀၀၀ ကျော်ကို ပထမဆုံးအသုတ်အနေဖြင့် စစ်ကောင်စီက ပြန်လည်လက်ခံရေး စီစဉ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက ပြန်လည်လက်ခံမည့် ဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ၊ မိမိဆန္ဒအရ ပြန်လာလိုသူ၊ ကွဲကွာနေသော မိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးမှ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိရမည်ဟု သတ်မှတ်ထားသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့် ကလေးများဖြစ်ပါက မိဘနှစ်ဦးစလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ရောက်ရှိပြီး မွေးဖွားသည့်ကလေး မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားရုံး၏ ထောက်ခံချက် စသည့်အချက် ၅ ချက်ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ထို့အတူ ပြန်လာသူတို့အား မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်စခန်းများ နေထိုင်ခွင့်ပေးရန် စီစဉ်ထားသည်။

သို့သော်လည်း မွတ်ဆလင်ဒုက္ခသည်များက နိုင်ငံသားဖြစ်ခွင့် ရရှိရေး၊ မူလနေရာတွင် နေထိုင်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ပေးရန်တို့ကို တောင်းဆိုနေကြသည်။

“ကျမတို့ကို ပြန်လက်ခံမယ်ဆိုရင် နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ထုတ်ပေးရမယ်။ ကျမတို့နေခဲ့တဲ့ မူလနေရာမှာ ပြန်ပြီးနေရာချပေးရမယ်။ နောက်ပြီးတော့ တခြားတိုင်းရင်းသားတွေလို တရားမျှတမှုနဲ့ လွတ်လပ်စွာ သွားလာခွင့်ပေးမှ ပြန်လာနိုင်မယ်”ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် အမျိုးသမီးတစ်ဦးကဆိုသည်။

ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ မည့်သည့်နေ့တွင် ပို့ဆောင်မည်ကို ပြောဆိုခြင်းမရှိသေးကြောင်း ဒုက္ခသည်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း မွတ်ဆလင် လက်ခံရေးကိစ္စနှင့်ပတ်သက်၍ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သံတမန်များ၊ အာဆီယံမှကိုယ်စားလှယ်များသည် မောင်တောမြောက်ပိုင်းရှိ  ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။

နိုင်ငံရေး အကျပ်အတည်းကာလတွင် စစ်ကောင်စီက မွတ်ဆလင်များ လက်ခံရေးကို ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာဆက်ဆံရေးပုံရိပ် မြှင့်တင်ရန် ဟန်ပြလုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ဝေဖန်ထားကြသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

သို့သော်လည်း မြန်မာအာဏာပိုင်များကတော့ ၂၀၁၇ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

July 21, 2026
The Myanmar military launched a coordinated aerial bombardment on mountain ranges in northern...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...
July 17, 2026
စစ်တပ်နှင့် ရုရှားစစ်တပ်တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ...
July 16, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့်...