ခင်ဦးနယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

ခင်ဦးနယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သံဘိုကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းအဖွဲ့က မန်ကျီးတုံရွာမှ သံဘိုရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်ဆိုသည့် သတင်းကြောင့် ကင်းထောက်သွားရန်သွားသည့် ကာကွယ်ရေးတပ်ဝင် ၂ ဦး သံဘိုကျေးရွာအနီးတွင် စစ်ကြောင်းနှင့်တိုးဝင်မိပြီး သတ်ဖြတ်ခံလိုက်ရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

“သတ်ဖြတ်ခံလိုက်ရတဲ့ ၂ ယောက်ကတော့ ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းတွေနဲ့ မိသွားတဲ့ သဘောမျိုးရှိတယ်။ တစ်ယောက်ကိုတော့မိတယ် စစ်ဆေးမေးမြန်းတာတွေလုပ်ပြီးတော့ ခေါင်းသတ်ဖြတ်လိုက်တယ်လို့ သိရတယ်။ နောက်တစ်ယောက်ကတော့ ထွက်ပြေးတာနဲ့တူပါတယ် ထွက်ပြေးတဲ့အချိန် ပစ်သတ်လိုက်တာ”ဟုပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသည် အသက် ၂၈ နှစ်အရွယ်ရှိ ရဲဘော်ကျော်ရဲနှင့် အသက် ၃၆ နှစ်အရွယ် ရဲဘော်သက်နိုင်ဖြိုးတို့ဖြစ်သည်။

အဆိုပါ ရဲဘော် ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်ထားကြောင်းလည်း ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ရေးသားထုတ်ပြန်ထားသည်။

ထို့အပြင် ခင်ဦး၊ ရေဦး၊ တန့်ဆည် စသည့် မြို့နယ်ဘက်မှ အရပ်သားပြည်သူ ၃၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ စစ်ကြောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဆက်လက်သိရသည်။

“အဲ့ဒီစစ်ကြောင်းမှာ သူတို့ဖမ်းခေါ်သွားနေတဲ့ ဒေသခံတွေလည်းပါတယ်။ အဲ့ဒေသခံတွေကို သူတို့စစ်ကြောင်းထဲခေါ်သွားနေတာ”ဟုခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်း ရွှေဘိုမြို့နယ် ဘုတ်ကုန်းပျူရွာမှတစ်ဆင့် ရွှေဘိုလေ့ကျင့်ရေး ၈ ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခံရမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၇၄ ဦးအထိ ကျဆုံးမှုရှိခဲ့ပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...