ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး

ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၅ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်တွင် အထိုင်စခန်းချ၍ လှုပ်ရှားနေသော စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet တပ်ဖွဲ့က မတ်လ ၁၁ ရက်နေ့ကဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကျင်ဒွေးမြို့တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်များကို မတ်လ ၁၀ ရက်နေ့ညက ချဉ်းကပ်ခဲ့ကာ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၆ နာရီ မှ ၇ နာရီအထိ တစ်ကြိမ်၊ ၇ နာရီ ခွဲ မှ ၁၀ နာရီခွဲအထိ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF- Kanpetlet က ထုတ်ပြန်သည်။

“သေဆုံးမှု အခြေအနေကတော့ တိကျတဲ့ ပစ်မှတ်၊ စနိုက်ပါနဲ့ ပစ်လို့ရတာတွေကိုသာ ရေတွက်တာ သေဆုံးသူ ၅ ယောက်ရှိတယ်။ သွပ်မိုးသွပ်ကာနဲ့ အိမ်တစ်လုံးထဲမှာ ၇ ဦးဝင်သွားတာ အဲဒီအိမ်ကို ကျွန်တော်တို့ ပြန်ပစ်လိုက်တော့ ပြန်ထွက်လာတာ မတွေ့ရဘူးပေါ့။ ဆိုတော့ သေဆုံးမှုနဲ့ ဒါဏ်ရာရရှိမှု ပိုများနိုင်တယ် လို့ ပြောလို့ ရတယ်။” ဟု CDF- Kanpalet အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ၆၀ မမ၊ အာပီဂျီ အပါအဝင် လက်နက်ငယ်များအသုံးပြုကာ အားကောင်းကောင်းဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံး၊ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

စစ်ကောင်စီတပ်များသည် ကျင်ဒွေးမြို့လယ်ခေါင်ရှိ ရဲစခန်းတွင် အင်အား ၇၀ ဝန်းကျင်ဖြင့် ကျင်းတူး၊ စခန်းချနေထိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားသည့် မြို့နယ်ဖြစ်ပြီး ကျင်ဒွေးမြို့ထဲတွင် စစ်ကောင်စီတပ်များမှ မြို့အဝင်/အထွက်များ ပိတ်ပင်ထားကာ ဖုန်းလိုင်းများလည်းပိတ်ထားခြင်းကြောင့် ဒေသခံများနှင့် အဆက်အသွယ်ရရှိရန်ပင် ခက်ခဲနေသည်။

ကျင်ဒွေးမြို့၏ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် ယခင်ကတည်းက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ဆောင်သည့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျှက်ရှိကြကြောင်း သိရသည်။

May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...