ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြင်ပမှဖြေဆိုသူ ပိုများ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြင်ပမှဖြေဆိုသူ ပိုများ

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုကြပြီး ချင်းပြည်နယ်တွင် ကျောင်းတွင်းဖြေဆိုသူထက် ကျောင်းပြင်ပဖြေဆိုသူ ပိုများနေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုသူပေါင်း ၂၈၂၄ ဦးရှိတဲ့အနက် ကျောင်းတွင်းဖြေဆိုသူ ၅၈၀ ဦးသာရှိပြီး ကျန် ၂၂၄၄ ဦးသည် ကျောင်းပြင်ပမှ ဖြေဆိုသူများဖြစ်ကြသည်။

ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းတွင်းဖြေဆိုသူထက် ပြင်ပဖြေဆိုသူပိုများနေရသည့် နှစ်ဖြစ်ကြောင်း ဟားခါးမြို့ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျောင်းတွင်းကလေးတွေက သူတို့မှာ တစ်နှစ်အခွင့်အရေးရှိသေးတယ်။ ဒါပေမဲ့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေ အနေတွေကြောင့် သူတို့မှာ ခဏလေးပဲတက်ပြီးတော့ စာသင်နှစ်တစ်နှစ်ပြီးဆုံးအောင်မတက်လိုက်ရဘူး။ ဆိုတော့ အခွင့်အရေးပေးတဲ့အနေနဲ့ ကျောင်းတွင်းတက်ခွင့်ပေးတာ။ ပြီးတော့ ကျောင်းတွင်း စနစ်ဟောင်းကို သိပ်ပြီးအား မထဲ့ပေးနိုင်တာပါမယ်၊ ကလေးတေက ၃ နှစ်တာကာလမှာ အသက်အရွယ်ရလာတာ ဖြစ်တဲ့အတွက် ကျောင်း မတက်ချင်ကြတာလဲပါမယ်။ ဒါကြောင့် ကျောင်းပြင်ပ ဖြေဆိုသူပိုများတာ” လို့ သူကပြောသည်။

စနစ်သစ် ပညာရေးသည် ၈ တန်း စနစ်ဟောင်းအောင်မြင်တဲ့သူတွေကို ၉ တန်းဆက်မတက်ခိုင်းတော့ဘဲ ၁၀ တန်းစနစ်သစ်ကို တန်းတက်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲနှင့် မသက်ဆိုင်တော့ဘဲ ၁၁ တန်း၊ ၁၂ တန်းထိ ဆက်တက်ရမှာဖြစ်တယ်လို့ သူက ဆက်ပြောသည်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်းပညာရေးအတွက် နောက်ဆုံးဖြေဆိုခြင်းလည်းဖြစ်သည်။

ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်မှ အပ ကျန်မြို့နယ် ၇ ခုက စာစစ်ဌာန ၁၃ ခုမှာ ကျင်းပပြီး ဖြေဆိုခွင့်လျှောက်ထားသူ ၃၄၆၁ ဦးအနက် ၂၈၂၄ဦးကသာ ဖြေဆိုကြောင်းသိရသည်။

လွန်ခဲ့သည့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်၊ တွန်ဇံ၊ မတူပီ၊ ပလက်ဝ စတဲ့ မြို့နယ် ၅ခုမှာ စာစစ်ဌာန ၁၃ ခုဖြင့် ကျင်းပခဲ့ပြီး ဖြေဆိုသူပေါင်း ၂၂၅၉ ဦး ရှိသည့်အနက် ၆၀၅ ဦးကသာ အောင်မြင်ခဲ့ပါသည်။

စစ်ကောင်စီလက်ထက်ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာနိုင်ငံတဝန်း ဖြေဆိုသူ ကျောင်းသူ/ကျောင်းသား အရေအတွက်သည် စစ်အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရလက်ထက်နှင့် နှိုင်းယှဉ်ရင် အဆမတန် လျော့နည်းသွားသည်ဟု အခြေခံပညာဦးစီးဌာနရဲ့စာရင်းတွေအရ သိရသည်။

စစ်ကောင်စီလက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၂ ကြိမ်ကျင်းပရာမှာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၂၈၀,၀၀၀ ကျော်ရှိခဲ့သည်။

အခုနှစ် မတ် ၈ ရက်မှ ၁၈ ရက်နေ့ထိ လက်ရှိဖြေဆိုနေကြသော စာမေးပွဲတွင် ဖြေဆိုသူ ၁၆၁,၀၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...