အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
ဇန်နဝါရီလ ၂၂ ရက်နေ့ကပြုလုပ်ခဲ့သည့် အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)၏ မျိုးဆက်သစ်လူငယ်များနှင့် ဗဟိုအမှုဆောင် အစည်းအဝေးပုံရိပ်။  ဓာတ်ပုံ - Basic Education Students' Union - Sittwe Township Page
ဇန်နဝါရီလ ၂၂ ရက်နေ့ကပြုလုပ်ခဲ့သည့် အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)၏ မျိုးဆက်သစ်လူငယ်များနှင့် ဗဟိုအမှုဆောင် အစည်းအဝေးပုံရိပ်။ ဓာတ်ပုံ - Basic Education Students' Union - Sittwe Township Page

ရခိုင်ပြည်အတွင်း ပထမဆုံးပေါ်ပေါက်လာသည့် အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို အသိအမှတ်ပြုပေးရန် အဆိုပါသမဂ္ဂ အဖွဲ့ဝင်များက တောင်းဆိုကြသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားထုများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် နှစ်စဉ်နှစ်တိုင်း ကျောင်းအားကစားပွဲများ ကျင်းပနိုင်ရန် အဓိကရည်ရွယ်ပြီး အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဥက္ကဋ္ဌ ကိုဖြိုးတေဇာထွန်းက “ဒီကျောင်းသားသမဂ္ဂရဲ့ ရည်ရွယ်ချက်တွေကလည်း အ‌ခြေခံကျောင်းသားတွေရဲ့ အခွင့်အရေးကိုကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အကုန်လုံးကို တောင်းဆိုချင်တာက ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့လုပ်ငန်းစဉ်တွေကို ဒီထက်ပိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျောင်းတိုင်းမှာ တရားဝင် အသိအမှတ်ပြုပေးစေချင်တယ်”ဟု ပြောသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို စစ်တွေမြို့နယ်အတွင်းက အထက်တန်းကျောင်းများအပြင် ပုဂ္ဂလိက ကျောင်းအချို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀ ကျော်ဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သမဂ္ဂဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး အချို့သော ဆရာ၊ ဆရာမက အားပေးလက်ခံကြသော်လည်း တစ်ချို့သော ကျောင်းများတွင် သမဂ္ဂဖွဲ့စည်းမှုကို သတိပေးပြောကြားမှုများရှိနေကြောင်းလည်း အခြေခံကျောင်းသားများသမဂ္ဂ (စစ်တွေမြို့နယ်) ဥက္ကဋ္ဌ ကိုဖြိုးတေဇာထွန်းကပြောသည်။

“တစ်ကျောင်းနဲ့ တစ်ကျောင်းနဲ့တော့ မတူဘူး။ တစ်ချို့ကျောင်းတွေမှာဆို ဆရာ၊ ဆရာမတွေကိုယ်တိုင် ထောက်ပံ့ပေးတာရှိတယ်။ တစ်ချို့ကျောင်းတွေမှာဆို သမဂ္ဂက တရားမဝင်အဖွဲ့အစည်းဆိုပြီး အာဏာပြ ခြိမ်းခြောက်တာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဒီခြိမ်းခြောက်မှုတွေကို ကြောက်လန့်နေမှာတော့ မဟုတ်ဘူး။ ကျောင်းသားထုတွေရဲ့ ညီညွတ်မှုနဲ့ ရှေ့ဆက်သွားမှာပါလို့ ကျောင်းသားထုတွေကိုလည်း အသိပေးပြောကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျောင်းအချို့၌ အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများကြားတွင် အဆင်မပြေမှုများ ရှိနေကြောင်းလည်း သိရသည်။

စစ်တွေမြို့က အမည်မဖော်လိုသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးက “ကျောင်းတွေမှာ သမဂ္ဂဖွဲ့စည်းတာတွေ တွေ့ပါတယ်။ အဲဒီကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ အဆင်မပြေမှုတွေရှိတာလည်း ကြားသိရတယ်။ အဓိကတော့ နှစ်ဦးနှစ်ဖက် ‌ပြေလည်အောင် အရင်ညှိနှိုင်းဖို့ လိုအပ်နေတယ်။ ကျောင်းသားတွေက တဇွတ်ထိုးလုပ်တတ်တဲ့အရွယ်ဆိုတော့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း အတင်းဖိအားပေးတာ မလုပ်ဖို့လိုအပ်တယ်”ဟု ထောက်ပြသည်။

သမဂ္ဂဖွဲ့သည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့လိုချင်သော အခွင့်အရေးများကို တောင်းဆိုမည်ဆိုလျှင် တစ်ဖက်တွင်လည်း သမဂ္ဂတွင်ပါဝင်လှုပ်ရှားနေသည့်အတွက် ကျောင်းစာနောက်ကျသည့် အခြေအနေမျိုးမဖြစ်သင့်ကြောင်း အဆိုပါ ကျောင်းအုပ်ဆရာကြီးက တိုက်တွန်းသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)တွင် ရေရှည်ရပ်တည်နိုင်ရန်အတွက် အလှူရှင်များရှိသည့်အပြင် သမဂ္ဂအဖွဲ့ဝင်များမှ ထည့်ဝင်ထားသည့် ရန်ပုံငွေများလည်းရှိကြောင်း ကိုဖြိုးတေဇာထွန်းက ဆက်ပြောသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)သည် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကိုအောင်က “ရခိုင်ပြည်ကျောင်းသားသမဂ္ဂကကျတော့ တက္ကသိုလ်တွေကို အခြေခံ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခွင့်အရေးလောက်ကိုပဲ လုပ်ဆောင်နိုင်တယ်။ အခြေခံကျောင်းမှာ သမဂ္ဂလည်းမရှိ၊ ကျနော်တို့လည်း လိုက်မလုပ်ပေးနိုင်တဲ့အတွက် အခုလို အခြေခံကျောင်းသားများသမဂ္ဂ ပေါ်ပေါက်လာရတာပါ”ဟု ပြောသည်။

တက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပေးနေသကဲ့သို့ အခြေခံကျောင်းသားများ သမဂ္ဂကသည်လည်း အခြေခံကျောင်းသားများ၏ ရသင့်ရထိုက်သည့်အခွင့်အရေးကို တောင်းယူပေးမည်၊ ရယူပေးမည်ဟု မျှော်လင့်ကြောင်းလည်း ကိုမင်းကိုအောင်က ဆက်ပြောသည်။

လက်ရှိတွင် အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို ဖွဲ့စည်းထားနိုင်ပြီဖြစ်သဖြင့် ကျန်မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင်လည်း သမဂ္ဂများ ဆက်လက်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို ဖွဲ့စည်းလိုက်သောကြောင့် ကျောင်းသားများ၏ စည်းလုံးမှုအင်အားကို တွေ့မြင်ရသော်လည်း ကျောင်းသားများသည် ပညာသင်ကြားနေဆဲအရွယ်ဖြစ်သည့်အတွက် ပညာသင်ကြားမှုတွင် တစ်စုံတစ်ရာ အနှောင့်အယှက်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း စစ်တွေမြို့မှ အထက်တန်းပြ ဆရာမတစ်ဦးက ထောက်ပြသည်။

“အခုလို သမဂ္ဂဖွဲ့ပြီးတဲ့အချိန်မှာ သူတို့ကျောင်းသားတွေရဲ့ စည်းလုံးမှုကိုမြင်လိုက်ရတော့ ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း ကျောင်းသားလေးတွေက ငယ်ရွယ်သေးတဲ့အတွက် အထိန်းအကွပ် ကောင်းကောင်းလိုအပ်နေသေးတယ်။ ပြီးတော့ သူတို့ရဲ့ သမဂ္ဂလုပ်ငန်းစဉ်တွေဖြစ်တဲ့ ကျောင်းအားကစားပွဲတို့ ဘာတို့စီစဉ်နေတာတွေကြောင့် ကျောင်းစာတွေကို စိတ်မဝင်စား ဖြစ်သွားမှာ စိုးရတယ်။ တကယ်တမ်းကျတော့ အဲလိုအဖွဲ့အစည်းတွေနဲ့ ဦးဆောင်ဦးရွက်ပြုဖို့ထက် ဒီအသက်အရွယ်မှာ ကျောင်းစာကိုပဲ အာရုံထားဖို့ကိုတော့ ပိုတိုက်တွန်းချင်တယ်”ဟု ၎င်းကပြောသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)ကို ဖွဲ့စည်းထားမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ်မေးမြန်းရာတွင် အခြေခံပညာကျောင်းများတွင် သမဂ္ဂဖွဲ့စည်းထားမှုကို မတွေ့ရှိသေးကြောင်း ပြောသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...