KIO အတွင်း အာဏာသိမ်းတယ်ဆိုပြီး သတင်းမှား ဖြန့်

KIO အတွင်း အာဏာသိမ်းတယ်ဆိုပြီး သတင်းမှား ဖြန့်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့အတွင်းမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအမှား ပို့စ်တစ်ခုကို Ko Aung ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၃ ရက်နေ့က တင်ထားပါတယ်။

Ko Aung ဆိုသူက Screenshot ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ဆက်ပြီး ဓာတ်ပုံနဲ့အတူ “KIO KIA တပ်ဖွဲ့အတွင်း အချင်းချင်း အာဏာသိမ်းမှုဖြစ်ပွား” ဆိုပြီး ရေးတင်ထားတာပါ။

ပြီးတော့  Screenshot ရိုက်ယူပြီး ဆက်ထားတဲ့ ဓာတ်ပုံထဲမှာဆိုရင်လည်း “အချင်းချင်း အာဏာသိမ်းခံလိုက်ရ တဲ့ ကချင်ခေါင်းဆောင် အင်ဘန်လ” ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO တပ်ဖွဲ့အတွင်းမှာ အချင်းချင်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ မရှိတာကို အာဏာသိမ်းပါတယ်ဆိုပြီး ရေးသား ထားလို့ပဲ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘာလက ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူဖို့အတွက် (KIA) စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ယာယီဥက္ကဌအဖြစ် တာဝန်လွှဲ ပြောင်းပေး လိုက်တာကို အချင်းချင်း အာဏာသိမ်းပါတယ် ဆိုပြီး လုပ်ကြံရေးသားထားတာပါ။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ယာယီဥက္ကဌအဖြစ် တာဝန် လွှဲ ပြောင်းပေး လိုက်တာကို ကချင်သတင်းဌာန The 74 Media က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3wfhvlp ဝင်ဖတ်လို့ရပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် ဆေးကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က KIA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ယာယီ ဥက္ကဌ အဖြစ် တာဝန်လွှဲ ပြောင်းလိုက်တယ်ဆိုတာကို KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကလည်း သတင်း နှင့် မီဒီယာ ကွန်ရက် ( NMG ) သတင်းဌာနကို ပြောဆိုထားပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Ko Aung ဆိုသူက မြေပြင်မှာ ဖြစ်ပွားခဲ့တာနဲ့ သွေဖယ်ပြီး မှန်ကန်မှု မရှိတဲ့ သတင်းတစ်ခုကို ဖန်တီးကာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားထားတဲ့ သတင်း အမှားသာ ဖြစ်ပါတယ်။

အဲဒီသတင်းအမှားကို လက်ရှိအချိန်အထိ ထပ်ဆင့်ဖြန့်ဝေသူ တစ်ရာ့ငါးဆယ်ကျော်အထိရှိနေပြီး၊ ကြိုက်နှစ် သက်သူနှင့် သဘောထား မှတ်ချက်သူ ပေးသူတွေလည်းရှိ နေတာပါ။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...