စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ နေပြည်တော် ပြောက်ကျားအဖွဲ့ထုတ်ပြန်

စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ နေပြည်တော် ပြောက်ကျားအဖွဲ့ထုတ်ပြန်

စစ်ကောင်စီ၏ မဲစာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီသူများကို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့( နေပြည်တော်) က ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

" မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၂၀၂၃ခုနှစ်မှာပြုလုပ်မယ့် ‌အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းအပါအ၀င် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါ၀င်ကူညီသူများကို အခုထုတ်ပြန်ချက်မှာ ဖော်ပြထားသလိုပဲ အဖွဲ့အနေနဲ့ လုပ်နိုင်တဲ့အတိုင်းအတာအထိ တိုက်ခိုက်ရှင်းလင်းသွားမှာဖြစ်ပါတယ်ခင်ဗျ"ဟု စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန်က ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ်ပြုလုပ်မည့် ၂၀၂၃ ခုနှစ် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းအပါအဝင် မည်သည့်ကူညီပါဝင်အားဖြည့်ခြင်းကိုမှ လက်ခံမည်မဟုတ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီက လာမည့် ဩဂုတ်လအတွင်း ကျင်းပမည်ဟုဆိုထားသည့် ရွေးကောက်ပွဲအတွက် ဇန်နဝါရီလ ၉ရက်နေ့က စတင်ပြီး နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်တွင် ပထမအကြိမ် မြေပြင်လူဦးရေစာရင်း ကောက်ခံခြင်းကို လိုက်လံဆောင်ရွက်လျက်ရှိသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် ဖွဲ့စည်းထားရှိသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များက လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း ငါးမျိုးစာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူနေကြောင်း စစ်ကောင်စီလက်အောက်ခံ နေပြည်တော်ကောင်စီကလည်း ထုတ်ပြန်ထားသည်။

“အိမ်ထောင်စုစာရင်းလား၊ သန်းခေါင်စာရင်းလား အဲ့ဒီလိုကောက်သွားတယ်။ မဲစာရင်းလို့ မပြောဘူး။ လူဦးရေဘယ်နှစ်ယောက်ရှိတာလဲ။ သန်းခေါင်စာရင်းပြ၊ မှတ်ပုံတင်ပြဆိုပြီးတော့ စာရင်းယူသွားတယ်”ဟု ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

"လက်ရှိမြေပြင်စာရင်းကောက်နေတာမှာ ပြည်သူတွေအနေနဲ့ ပါးနပ်စွာ ရှောင်ရှားကြဖို့ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေ မချောမွေ့အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ဆောင်ကြဖို့ လိုပါတယ်”ဟု ဗိုလ်ထရယ်ဂွန်က တိုက်တွန်းသည်။

အဆိုပါ မြေပြင်စာရင်းကောက်ခံခြင်းလုပ်ငန်းကို စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး နေပြည်တော်တွင် စာရင်းကောက်ခံရာ၌ အမည်၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်တို့အပြင် ဖုန်းနံပါတ်ကိုလည်း တောင်းယူသွားသည်။

စစ်ကောင်စီ၏ စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများကလည်း တိုက်တွန်းထားပြီး မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေး အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့် ဒေါက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...