ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်

ဒီပဲယင်း ပျံကျကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့်အပြင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ပျံကျကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် မီးတင်ရှို့နေပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဘက်က ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှ စတင်ကာ အင်အား ၈၀ ဝန်းကျင်ဖြင့် ပျံကျကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး ယနေ့အထိ မီးတင်နေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“လက်ရှိအခြေနေကတော့ ဆိုးဝါးတဲ့အနေအထားရှိတယ်။ သူတို့ဝင်လာကတည်းကရှို့ တာ ကျေးရွာတစ်ဝက် အိမ်ခြေ ၂၀၀ ကျော် လောက်ရှို့ခံထားရတယ်လို့ သိရတယ်။ သူတို့လည်းရှိနေသေးတာကြောင့် ထပ်ရှို့နိုင်တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပျံကျ ကျေးရွာသည် ဒီပဲယင်းမြို့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိကာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသည့် ကျေးရွာကြီးတစ်ခုဖြစ်ပြီး ပထမအကြိမ် နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် ပျံကျကျေးရွာအတွင်းရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကြည်ဘုရားထွက်ကျေးရွာမှ ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန် ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကြီး ထိမှန်ခဲ့သည့် ကလေး ၃ ဦးမှာ မသိမ့်ရတနာစိုး(ခ)မဖွေးဖွေး အသက် ၁၁ နှစ်မှာ ဗိုက်ပွင့်ထွက်ကာ အသက်အန္တရာယ် စိုးရိမ်ရပြီး အသက်၁၄နှစ်အရွယ် မောင်အောင်ငွေဖြိုးဆိုသူမှာ နောက်ကျောလက်နက်ကြီး စဖောက်ဝင် ဒဏ်ရာနှင့် ကျန်ကလေးငယ်တစ်ဦးမှာ လက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များကို အရေးပေါ်ကုသမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ပျံကျကျေးရွာအတွင်း ဝင်ရောက်စီးနင်း မီးတင်ရှို့နေသည့် စစ်ကြောင်းမှာ ခလရ ၃၆၄ တပ်ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...