ပုသိမ်အကျဥ်းထောင်တွင် ကဗျာဆရာအပါအဝင် နိုင်ငံရေးအကျဥ်းသား ၈ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံရ

ပုသိမ်အကျဥ်းထောင်တွင် ကဗျာဆရာအပါအဝင် နိုင်ငံရေးအကျဥ်းသား ၈ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ရှစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

ပုသိမ်ထောင်တွင်းတရားရုံးတွင် ပုသိမ်မြို့နယ် တရားသူကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

ထောင်ဒဏ်များ ချမှတ်ခံရသူများမှာ ကိုရဲလင်းထက်(ခ)သားပု၊ ကိုထွန်းလင်းဦး ၊ ကိုချစ်စန်းမောင်၊ ကိုဇော်မင်းထွန်း(ခ)မောင်ဇော်၊ ဇော်လှိုင်ဦး(ခေါ်)မင်းမင်း၊ ကိုဇင်လင်းထိုက်(ခ)တွတ်နီ၊ ကိုတင်ကိုထက်(ခ) လူစစ်နိုင် နှင့်ဦးထွန်းအေး တို့ ရှစ်ဦး ဖြစ်သည်။

၎င်းတို့ ရှစ်ဦးအနက် ကိုဇော်လှိုင်ဦး(ခ)မင်းမင်းဆိုသူမှာ ငပုတောမြို့နယ်မှဖြစ်သည်ဟု သိရပြီး ကျန် ခုနစ်ဦးမှာ ပုသိမ်မြို့နယ်တွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

"လူစစ်နိုင်ကတော့ ကဗျာဆရာပါ။ ကျန်တဲ့လူတွေကတော့ လက်လုပ် လက်စားတွေလို့ သိရတယ်။ သူတို့အကုန်လုံးကို မနှစ်က ရှစ်လပိုင်းတည်းက ဖမ်းထားပြီး အခုမှ အမိန့်ချတာပါ။ အားလုံး ကျန်းမာရေးကောင်းကြတယ်လို့ သိရတယ်"ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကပြောသည်။

PDF တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရလျှင် တရားစွဲဆိုခံရလေ့ရှိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် အမိန့်ချခံခဲ့ရသော်လည်း ၎င်းတို့ ရှစ်ဦးမှာ PDF များ မဟုတ်ကြောင်း မိသားစုဝင်များက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသူ ၊ အကျဥ်းသား ၃၅၀ ဦးခန့်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ များထံက သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...
July 8, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌...
ဓာတ်ပုံ - HtinLin Aung FB
July 7, 2026
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး...