အင်းတော်မြို့နယ် ဂျုံးဂျုံးဂျရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးတင်ရှို့

အင်းတော်မြို့နယ် ဂျုံးဂျုံးဂျရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် မီးတင်ရှို့

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်သို့ ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မှ စတင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်သည် ဂျုံးဂျုံးဂျရွာရှိ လူနေအိမ် ၁၀လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၆ရက် နံနက်ပိုင်းက ဂျုံးဂျုံးဂျရွာအနီးရှိ ရွှေအင်းတော် စားသောက်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် ဂျုံးဂျုံးဂျရွာကို ထပ်မံ၍ မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရသည်။

“လူနေအိမ် ၁၀လုံးလောက်ပါသွားတယ်ဗျ။ စားသောက်ဆိုင်ကတော့ တော်တော်လောင်သွားပြီ။ အခုထိ စစ်ကောင်စီ စစ်ကြောင်းက အဲ့ဒီမှာပဲ။ အင်းတော် PDF နဲ့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်လိုက်သေးတယ်။ “ ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများနှင့် အင်းတော် PDF တို့သည် ယနေ့နံနက် ၇နာရီ ၃၀ မိနစ်နှင့် ၉နာရီ ၃၀မိနစ် ခန့်တွင် ထိတွေတိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်သည့် ထိတွေ့တိုက်ပွဲ တစ်ကြိမ်လျင် ၄၅မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း Indaw Revolution- IR ထံက သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်းက အင်းတော်ဘောလုံးကွင်းသို့ Mi-17 ထောက်ပို့ရဟတ် ယာဉ်တစ်စီး နှစ်ကြိမ်ဆင်းသက်ခဲ့ပြီး အမျိုးသမီးငါးဦးနှင့် အမျိုးသားနှစ်ဦးကို ချထား၍ အင်းတော်မြို့အနောက်သို့ ပြန်တက်သွားကြောင်း IR- Team တာဝန်ရှိသူက ဆိုသည်။

“လေယာဉ်နဲ့လာချတာက အဆိုတော်တွေဖြစ်လောက်တယ်။ ဂစ်တာတွေ ကီးဘုတ် တွေနဲ့ လာဖျော်ဖြေတာ။ အဲ့ဒီစစ်တပ်ကုန်းမှာ မဏ္ဍပ်လည်းရှိတယ်။ ပြီးတော့ ရဟတ် ယာဉ်နဲ့ပဲ ပြန်ကြိုပြီးခေါ်သွားတယ်” ဟု IR- Team တာဝန်ရှိသူက ပြောသည်။

ဂျုံးဂျုံးဂျရွာရှိ လူနေအိမ်များအား မီးတင်ရှို့ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ထီးချိုင့်ဘက်မှ စစ်ကြောင်းနှစ်ခုခွဲလာသည့် စစ်ကြောင်းဖြစ်ပြီး ခန့်မှန်းအင်အား ၁၇၀ ခန့်ပါရှိကြောင်း သိရသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...