ပလက်ဝမြို့ခံ ညီအစ်ကိုနှစ်ဦး ၁၇(၁)၊ ၅၀၅(က) ပုဒ်မတို့ဖြင့် ထောင် ၃ နှစ်ချမှတ်ခံရ

ပလက်ဝမြို့ခံ ညီအစ်ကိုနှစ်ဦး ၁၇(၁)၊ ၅၀၅(က) ပုဒ်မတို့ဖြင့် ထောင် ၃ နှစ်ချမှတ်ခံရ
ပလက်ဝမြို့အဝင်အား တွေ့ရစဉ်/ ဓာတ်ပုံ- ပလက်ဝသတင်းများ လူမှုစာမျက်နှာ
ပလက်ဝမြို့အဝင်အား တွေ့ရစဉ်/ ဓာတ်ပုံ- ပလက်ဝသတင်းများ လူမှုစာမျက်နှာ

ပလက်ဝမြို့ခံ ညီအစ်ကိုနှစ်ဉီးကို စစ်တပ်က တရားလိုလုပ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က) နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင် ၃ နှစ်ကျစီ ချမှတ်လိုက်ကြေင်း မိသားစုဝင်များထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ညီအစ်ကိုနှစ်ဉီးမှာ အစ်ကိုဖြစ်သူ အသက် (၃၀)အရွယ် ဦးစောလှနှင့် ညီဖြစ်သူ အသက် ၂၅ နှစ်အရွယ် ကိုခိုင်ဆန်းဖြိုးတို့ ဖြစ်ကြသည်။

ဦးစောလှကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပလက်ဝမြို့နယ် တရားရုံးက နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ကိုခိုင်ဆန်းဖြိုးကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုတရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)  ဖြင့် ထောင် ၃ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုခိုင်ဆန်းဖြိုး၏ အမျိုးသမီးက “  မနေ့က ရုံးချိန်းမှာ ကိုခိုင်ဆန်းဖြိုးကို အမိန့်ချလိုက်ပါပြီ။ ကိုဦးစောလှကိုတော့ ရှေ့အပတ်ကနေ အမိန့်ချလိုက်တာပါ။ နှစ်ယောက်စလုံးကို ထောင် ၃ နှစ်ကျစီ ချမှတ်လိုက်တယ်”ဟု DMG ကို ပြောသည်။

လက်ရှိတွင် ထိုသူတို့နှစ်ဉီးအား ပလက်ဝ-ကျောက်တော် ဇက်ရေယာဉ်ဖြင့် စစ်တွေအကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီး ဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့ ညီအစ်ကို နှစ်ဦးစလုံးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက် နှင့် ၁၄ ရက်နေ့တို့တွင် မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များက သူတို့၏ နေအိမ်ကနေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်လအကြာတွင် ယခုလို အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ညီအစ်ကို နှစ်ဉီးမှာ ဒေသအတွင်း ပန်းရံလုပ်ငန်းလုပ်ကိုင်သူများဖြစ်ပြီး AA နှင့်လည်း ဆက်သွယ်မှုမရှိဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသူများဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောဆိုသည်။

“ညီမတို့က ဆင်းရဲနွမ်းပါးတဲ့အတွက် ဟိုအဖွဲ့ ဒီအဖွဲ့ဆိုတာတွေနဲ့ ဆက်ဆံတာတွေလည်း မရှိပါ။ ကျမတို့တော့ တစ်ခုမှ မပြောချင်တော့ပါဘူး။ ထောင်ထဲကနေ အမြန်ဆုံးလွတ်မြောက်လာဖို့ပဲ  ဆုတောင်းပါတယ်။ အိမ်ရှင်မတစ်ယောက်အနေနဲ့တော့ ယောင်္ကျား အခုလို ဖြစ်သွားတာကို ဘယ်လိုမှ စိတ်မကောင်းပါ”ဟု ကိုခိုင်ဆန်းဖြိုး၏ အမျိုးသမီးက ဆက်ပြောသည်။

ထို့အတူ ကိုဦးစောလှမှာ မိသားစုကို ပန်းရံလုပ်ကာ ရှာကျွေးနေသူဖြစ်ပြီး လက်ရှိတွင် ၇ နှစ်အရွယ်နှင့် ၉ လသားအရွယ် သမီးနှစ်ဉီးတို့ ရှိကြောင်းသိရသည်။ ၄င်းအား ယခုကဲ့သို့ အမိန့်ချမှတ်ခံလိုက်ရသသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ဦးစောလှ၏ အမျိုးသမီးက DMG ကို ပြောသည်။

“နိုင်ငံတော်ဆူပူအောင် လှုံဆော်မှုဖြစ်အောင်လည်း ဘာမှလုပ်ထားတာလည်း မရှိဘူး။ ဆင်းရဲလို့ ပန်းရံ လုပ်စားနေတာ။  စစ်တပ်ဘက်က တရားလိုလုပ်ပြီး စွဲလိုက်တာ နာမည်ကိုတော့ ကျမတို့မသိဘူး”ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဆယ်အိမ်မှုး ဉီးမောင်မဲကျော့နှင့်  ရာအိမ်မှုး ဉီးမောင်ဝင်းတို့ကိုလည်း နိုင်ငံတော်ဆူပူအောင်လှုံ့ ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ-၅၀၅(က) ဖြင့် ပလက်ဝမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ကလည်း အဘောင်သားကျေးရွာမှ ဉီးချစ်စံကိုလည်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် ထောင် ၃ နှစ်ချမှတ်ထားသည်။

ပလက်ဝမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားသည့် ၄ လတာကာလအတွင်း ဒေသခံ ၉ ဉီးထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၆ ဉီးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA နှင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဖက်နားလည်မှုများဖြင့် တိုက်ပွဲများ ယာယီရပ်နားထားကြသော်လည်း စစ်ကောင်စီဘက်ကမူ ဒေသခံများကို ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုထားမှုများ ရှိနေသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...