အင်းတော်ကြီးဒေသ နှစ်ရက် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦး သေဆုံး

အင်းတော်ကြီးဒေသ နှစ်ရက် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်ကြီးဒေသတွင်းက နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ကချင် ပူးပေါင်း တပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကချင် ပြည်နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။

“သူတို့က အောက်မှာ ကျနော်တို့က အပေါ်စီးက ပစ်ရတာဆိုတော့ ကျဆုံးတာ ဒဏ်ရာရတာတွေ မြင်နေရတယ်။ တစ်နာရီကျော်လောက် ကြာတော့ သူတို့ ပြန်ဆုတ်သွားတယ်။ အလောင်းတွေ ထမ်းထွက်သွားကြတယ်” KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ပြောသည်။

အင်းတော်မြို့နယ်၊ နန်းမကြိုင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် KIA+ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆီးကြို တိုက် ခိုက်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ တစ်ဦးမှာ ကသာဆေးရုံတွင် သေဆုံးသွားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင် များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်တွင်လည်း အင်းတော်ဘက်နှင့် ကသာဘက်မှ ဆင်းလာသည့် စစ်ကောင်စီ ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်ကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနိုင်သည်ဟု ပြောသည်။

KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူက “ကျနော်တို့က လက်ဦးမှုရတယ် ဆိုတော့ သူတို့ အထိ နာမှာ သေချာတယ်။ အကျအဆုံး မပြောနိုင်ဘူးဆိုတာက လတ်တလော အတည် မပြုနိုင်သေးလို့ပါ” ဟု ဆက် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခင် မိုးရာသီကာလများက အင်းတော်မြို့နယ်၊ နားဘားကျေးရွာအုပ်စု၊ နားရခေါင် ကျေးရွာရှိ နားရခေါင်ချောင်းကို အသုံးပြုပြီး ရေလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသည်ဟု ဒေသခံများ နှင့် KIA၊ KPDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သို့သော် ယခုဆောင်းဦးကာလတွင် ကားလမ်းများကို အသုံးပြုပြီး ပြောင်းလဲ စစ်ကြောင်းထိုးလာနေသောကြောင့် ကသာ - အင်းတော်လမ်းမကြီးတို့ကို ပြည်သူများအနေဖြင့် သတိထား သွားလာကြရန် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ သတိပေးထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...