ကွယ်လွန်သူ ဝါရင့်ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို KNU မှတ်တမ်းတင်ဂုဏ်ပြု

ကွယ်လွန်သူ ဝါရင့်ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို KNU မှတ်တမ်းတင်ဂုဏ်ပြု

ကရင့်တော်လှန်ရေးတွင် နာမည်ကြီး ပဲခူးရိုးမပြန်အခြေချမှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသူ ဝါရင့် ကရင့်တော်လှန်ရေး တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ ကွယ်လွန်မှုအပေါ် လေးစားဦးညွတ်ကြောင်း ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဗိုလ်ကြီးစောသန်းလှသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ရက်နေ့တွင် ၎င်း၏ဇာတိမြေ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ ကျေးရွာတွင် ထောင်တွင်းမှရရှိလာခဲ့သည့် ရောဂါများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် တော်လှန်ရေးကို စတင်ဝင်ရောက်ချိန်မှစ၍ အသက်သေဆုံးသည်အထိ သစ္စာရှိရှိပေးဆပ်ခဲ့သည့် ရိုးမပြန် အာဇာနည်အပေါ် လေးစားဦး ညွတ်အလေးပြုကြောင်း KNU က ဖော်ပြထားခြင်းဖြစ်သည်။

"ကျနော့်ဦးလေးက ကန်မှာနေရင်းနဲ့ မူး(မူးမိုက်)ပြီးတော့ ကန်ထဲပြုတ်ကျသွားတာ။ ၁၀မိနစ်လောက်ပဲရှိမယ် အသက် မရှိတော့ဘူးလို့ ပြောတယ်။ သူက အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား။ ဒီလို လူကြီးကျန်းမာရေးပဲလေ။ ရောဂါကြောင့် မူးဝေရင်း အဲလိုဖြစ်သွားတာ။"ဟု ဗိုလ်ကြီးစောသန်းလှ၏ တူတော်စပ်သူက ကေအိုင်စီသို့ ပြောသည်။

မအူပင်ဇာတိဖြစ်သူ ဗိုလ်ကြီးစောသန်းလှသည် ယခင် ၁၉၆၃ခုနှစ်၊ အသက် (၁၅)နှစ်အရွယ်မှစ၍ ကရင်အမျိုးသားကာ ကွယ်ရေးတပ်မတော်-KNDO တပ်ဖွဲ့ဝင်များနှင့်အတူ ပဲခူးရိုးမတွင်လိုက်ပါရင်း ကရင်တော်လှန်ရေးတွင် ပါဝင်လာခဲ့ပြီး ၁၉၇၄ခုနှစ်လောက်တွင် ပဲခူးရိုးမမှ အရှေ့တိုင်းကော်သူးလေသို့ လိုက်ပါလာခဲ့ကာ ကရင့်တော်လှန်ရေးတာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၁၉၈၃ခုနှစ်တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် ဗိုလ်မှူးစောမင်းသိမ်း ဦးဆောင်သော KNU တပ်ဖွဲ့ဝင်များ နှင့်အတူ ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးနောက် အဆိုပါခေတ်က မြန်မာစစ်တပ်၏ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခံ ရပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထောင်တွင်း နှိပ်စက်ညှင်းပမ်းမှုများစွာ ခံခဲ့ရပြီးနောက် ထောင်တွင်း တရားစီရင်မှုဖြင့် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

သို့သော် ၁၉၈၈ခုနှစ်တွင် သေဒဏ်မှ ပယ်ဖျက်ပြီးနောက် ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်သို့ ချမှတ်ခံခဲ့ရပြီး သရက်ထောင်သို့ ပြောင်းရွေ့ခြင်းခံခဲ့ရကာ ၂၀၀၆ခုနှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ယင်းသို့ ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် သူသည် ကရင်တော်လှန်ရေးနယ်မြေသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ကရင့်တော်လှန်ရေး အနှစ် (၆၀)ပြည့် အခမ်းအနားတွင် တော်လှန်ရေးနှစ်(၄၀)ပြည့် ဂုဏ်ပြုထူးချွန်ဆု ချီးမြှင့် ခံခဲ့ရသည်။ ဗိုလ်ကြီးစောသန်းလှသည် ကွယ်လွန်ချိန်တွင် အသက် ၇၅နှစ်ရှိပြီဖြစ်သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...