နယ်မြေတွင်း မတည်ငြိမ်သည့် အခြေအနေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းအားလုံး ဆက်လက်မဖွင့်နိုင်ဘဲ ကျောင်းပိတ်ထားလိုက်ရသည်ဟု ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။
ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာဝင်းထဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့် ကော်သူးလေတပ်မတော် -KTLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းသည့် နေ့မှစတင်၍ စာသင်ကျောင်းများအားလုံး ပိတ်ထားလိုက်ရသည်ဟု ကျောင်းဆရာ၊ ဆရာမများ၏ ပြောဆိုချက်အရ သိရသည်။
ကျောင်းဆရာမတစ်ဦးက “ အရင်က ဖွင့်လိုက်ပိတ်လိုက်လုပ်သေးတယ်။ မြို့ပေါ် တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့လာ ပစ်တဲ့နေ့ကတည်းက ကျောင်းပြန်မဖွင့်ရဲတော့ဘူး။ ကျောင်းသားမိဘတွေလည်း သူတို့ကလေးကို ကျောင်း မပို့ရဲဘူး။ တချို့လူထုတွေကတော့ ဒီမြို့မှာမနေရဲတော့ဘူး ရှောင်သွားကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့ပေါ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း နှင့် အလယ်တန်း၊ မူလတန်းကျောင်း အပါအဝင် ကျောင်းပေါင်း၂၀ ကျော်ခန့်ရှိပြီး လက်ရှိအချိန်တွင်တိုက်ပွဲကြောင့် စာသင်ကျောင်းများမဖွင့်သော်လည်း ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းကိုသွား၍ ကျောင်းတက်လက်မှတ်သွားထိုးရသည်ဟု အဆိုပါဆရာ၊ ဆရာမထံမှ သိရသည်။
ထို့အပြင် ကော့ကရိတ်မြို့ အာရှလမ်းမအနီးရှိ အထက ချောင်းတောင် ကျောင်းဝင်းတွင်လည်း စစ်ကောင်စီတပ်မှ ကျောင်ဝင်းထဲ မကြာခဏ ဝင်ရောက်တပ်စွဲထားလေ့ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ရက်နေ့တွင် ထိုစာသင်ကျောင်းဝင်းထဲတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းအပြင် မြေပြင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၃ ဦးသေဆုံးရပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် အလုံး ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဒေသတွင်း ဖြစ်ပွားခဲ့နေသည့်တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူအညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။







