ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ BGF စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့

ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ BGF စခန်း တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ(၁)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေကို ဆက်သွယ်ထားသော ကမမောင်း-ဝါးဘိုးတောလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်-BGF စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် BGF တပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဖားအံမြို့နယ် မိထ္ထီလာ ကျေးရွာအနီးရှိ BGF အမှတ် ၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်တင်ဝင်း လက်အောက်ခံ တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်သည့် ထိုစခန်းကို အောက်တို ဘာလ ၃၀ ရက်နေ့က KNLA တပ်မဟာ(၁) နှင့် တပ်မဟာ (၅)တို့ ပူးပေါင်း၍ တက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ (၇)ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု နယ်မြေခံ KNLA ဘက်က ပြောသည်။

BGF တပ်ဖွဲ့ဝင်ဘက်မှ ၎င်းမိသားစုများကိုခေါ်ယူ၍ ထိုစခန်းထဲတွင် နေထိုင်စေသဖြင့် စခန်းတက်ရောက်တိုက်ခိုက်သည့်အချိန်တွင် အခြားစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ကူပေးသည့်အတွက် စခန်းထဲရှိ BGF မိသားစုဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသူရှိခဲ့သည်ဟု KNLA တပ်မဟာ(၁) တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းတပ်မှူးက “ ၂၀၂၁ ခုနှစ်တုန်းက BGF မိသားစုဝင်တွေ တပ်ဝင်းထဲမှာမနေဖို့၊ ပြီးတော့ အစိုးရဝန်ထမ်းတွေ ထွက်ပေးဖို့၊ ပြီးတော့ စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းတွေ ထွက်ဖို့ ကျနော်တို့ တပ်မဟာ(၁)ဘက်က စာထုတ်ပြန်ထားပြီးသား။ ကျောင်းဆရာဝန်ထမ်းအချို့က ပြန်သွားတာရှိတယ်။ ကျနော်တို့ ထုတ်ထားတဲ့ ထုတ်ပြန်စာလည်း မရုပ်သိမ်းသေးဘူး။ အကျုံးဝင်နေတုန်းပဲ။ အဲဒါကိုသူတို့က မိသားစုဝင်ကို ထားတယ်။ စခန်းတက်သိမ်းတဲ့အချိန်မှာ သူတို့ဘက်က စစ်ကူပစ်လို့ သူတို့လူတွေထိခိုက်များသွားတာ ” ဟု ပြောသည်။

ထို BGF တပ်စခန်းကို တက်ရောက်တိုက်ခိုက်သည့်အချိန်တွင် ကမမောင်းရှိ စစ်ကောင်စီတပ်နှင့် BGF တပ်များ စစ်ကူများရောက်ရှိလာသည့်အပြင် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် စခန်းတက်ရောက်တိုက်ခိုက်ပြီးနောက် ချက်ချင်းပြန်လည်ထွက်ခွာခဲ့သည်ဟု KNLA တပ်မဟာ ၁ က ဆက်ပြောသည်။

စခန်းရှိ BGF တပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာနေသည့် ပြည်သူများထံမှ အဆမတန် ငွေတောင်းခံသည့်အပြင် စစ်ကြောင်းထွက်သည့်အချိန်တွင် ပေါ်တာအထမ်းသမားအဖြစ် မလိုက်သွားသည့်ပြည်သူများကို မတရားဒဏ်ရိုက်ငွေတောင်းသည့်အတွက် ယခုလို တက်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အဆိုပါ KNLA တပ်မဟာ ၁ တပ်မှူးက ဆက်လက် ပြောဆိုသည်။

“အနီးအနားရွာတွေမှာတော့ သူတို့မတရားငွေသိပ်မတောင်းဘူး။ လေးကေတို့ ယိုကလား(ကြသောင်းဆိပ်) တို့ ဘက်မှာတောင်းတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက လေးကေစခန်းမှာ ပစ်ခတ်မှုဖြစ်တုန်းက သူတို့ကလူတွေကို လိုက်ဖမ်းတယ်။ မလိုက်ရင်ငွေတောင်းတယ်။ တစ်ယောက်ယောက်ဆိုရင် သိန်း ၁၀၊ သိန်း၂၀ အဲလို လိုက်တောင်းတယ်။ ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

စခန်းတက်ရောက်တိုက်ခိုက်သည့်အချိန်တွင် ညောင်ကုန်းကျေးရွာရှိ ဗိုလ်တင်ဝင်း ဦးဆောင်သည့် BGF တပ်ဖွဲ့ဝင်အချို့က KNLA တပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခမနေအိမ် တစ်လုံးကိုလည်း အကြောင်းမဲ့ သွားရောက်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည့်အပြင် ပိန္နဲတော BGF တပ်စခန်းကလည်း လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် နောက်ထပ်နေအိမ်တစ်လုံး ပျက်စီးသွားရသေးသည်ဟုလည်း KNLA တပ်မဟာ ၁ ဘက်က ပြော သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့တုန်းကလည်း ညောင်ကုန်းရွာတွင် တပ်စွဲနေထိုင်သည့် BGF စစ်ဆေးရေးဂိတ်မှ ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...