ရန်ကုန်က တစ်လအတွင်း ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်မှာ ဗိုလ်ကြီးအဆင့် အပါအဝင် ၂၀ ဦး သေဆုံး

ရန်ကုန်က တစ်လအတွင်း ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်မှာ ဗိုလ်ကြီးအဆင့် အပါအဝင် ၂၀ ဦး သေဆုံး

ရန်ကုန်တိုင်းမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်မှာ စစ်ကောင်စီ ဗိုလ်ကြီးအဆင့် အပါအဝင် ၂၀ ဦး သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်း မြောက်ဥက္ကလာပ၊မြောက်ဒဂုံ၊တွံတေး၊ရွှေပြည်သာ၊ လှိုင်မြို့နယ်တွေမှာ မြို့ပြပျောက် ကြားအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှု ၁၀ကြိမ် ထက်မနည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦး၊ တပ်သား၊ရာအိမ်မှူး၊အုပ်ချုပ်ရေးမှူး အပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုတွေမှာတော့ လှိုင်၊ဒလ၊ရွှေပြည်သာ၊တောင်ဥက္ကလာ၊လှိုင်သာယာ၊တာမွေ၊ မြောက်ဥက္ကလာ၊ သာကေတ၊ စမ်းချောင်း၊ ဗဟန်း၊ရန်ကင်း၊ ကမာရွတ်နဲ့ မရမ်းကုန်းမြို့နယ်တို့မှာ ၂၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာတော့ ၈ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ရန်ကုန်က အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှုတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က အင်းစိန် အကျဉ်းထောင် ဗုံးပေါက် ကွဲမှုမှာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းသုံးဦးနဲ့ ထောင်ဝင်စာပို့ဆောင်သူ အမျိုးသမီးငါးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ် လည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၇ကြိမ်ဖြစ် ခဲ့ပြီး ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)အပါအဝင် ၁၅ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါက်ကွဲမှုတွေ ဖြစ်ပွားတာနဲ့ အနီးအနားမှာရှိတဲ့ လူနေရပ်ကွက်တွေထဲက အိမ်တွေအထိဝင်စစ်တာ၊ လမ်းတွေပိတ်ဆို့ရှာဖွေတာ၊ပြည်သူတွေကို မထင်ရင်မထင်သလို စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ ဆက်တိုက်လုပ်ဆောင်နေ တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...