ရခိုင်က စစ်ရှောင်အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

ရခိုင်က စစ်ရှောင်အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေ

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေရသည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

ထိုသို့ အမျိုးသမီးများအတွက်လိုအပ်သည့် ပစ္စည်းများကို လာရောက်ထောက်ပံ့မှုများမှာ လက်ရှိတွင် နည်းပါးလျက်ရှိနေသည်ဟု စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများကပြောသည်။

သန္ဓေတားဆေးနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ပြင်ပမှ ဝယ်ယူသုံးစွဲနေကြရသည်ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မရွှေဥမေက DMG သို့ပြောသည်။

“အမျိုးသမီးလစဉ်သုံးပစ္စည်းက တကယ်လိုတယ်၊ အဲဒါက တကယ့်ကို အရေးတကြီးလိုအပ်တယ်။ ဝယ်တော့လည်း တစ်ထုပ်ကို ငါးရာ၊ တစ်ထောင်ဝန်းကျင်လောက် ပေးရတယ်လေ။ ကိုယ်ဝန်တားဆေး ထိုးတာမှာလည်း အခက်အခဲရှိတာပေါ့၊ ပိုက်ဆံက နှစ်ထောင်လောက်ပဲကျတာဆိုတော့ ပိုက်ဆံရှာလို့တော့ ထိုးရတာပေါ့”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဝင်ငွေရရှိမှုနည်းပါးနေချိန်တွင် ယခုကဲသို့ အမျိုးသမီးသုံး ပစ္စည်းများကို ကျန်းမာရေးအတွက် မဖြစ်မနေဝယ်ယူနေကြရသဖြင့် ငွေကြေးကုန်ကျနေရကြောင်းလည်း ပြောဆိုကြသည်။

ယခင်က နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ စစ်ဘေးရှောင်စခန်းများတွင် လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော်လည်း လက်ရှိတွင် NGO/INGO များကို ရခိုင်ပြည်က မြို့နယ် ၆ မြို့နယ်သို့ ခရီးသွားလာခွင့်ကို ပြည်နယ်စစ်ကောင်စီမှ ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စည်းမခြားဆရာဝန်များအဖွဲ့က မရောက်တာတော့ နှစ်လ၊ သုံးလလောက်ရှိနေပြီ။ အဲတော့ ဆေးခန်းတွေက နာစ့်တွေဆီမှာ သွားထိုးနေကြရပါတယ်”ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ မရီရီနွယ်ကပြောသည်။

စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် သန္ဓေတားဆေးရရှိမှု အားနည်းလာခြင်းကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခြင်းများလည်း ရှိနေကြောင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးအချို့ကပြောသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင် စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းပါက စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၉၀၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလသမ္မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ထားသည်။ စစ်ဘေးရှောင်များ၏ ၇၀ ရာခိုင်နှုန်းမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောဆိုကြသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...