ရွေးကောက်ပွဲ ပြင်ဆင်မှုအဖြစ် ဒူးလေးပါတီ ညီလာခံ ကျင်းပမည်

ရွေးကောက်ပွဲ ပြင်ဆင်မှုအဖြစ် ဒူးလေးပါတီ ညီလာခံ ကျင်းပမည်

စစ်ကောင်စီက ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ) အတွင်းမှာ ညီလာခံကျင်းပသွားမည်ဟု ပါတီဥက္ကဋ္ဌ ကပြောသည်။

ဒူးလေးပါတီ တည်ထောင်ခြင်း ၉ နှစ်ပြည့်နေ့ နှင့် ပါတီအလုပ်အမှုဆောင်များကို ပြန်လည်ရွေးချယ် တင်မြှောက် ကာ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန်အတွက် ပါတီညီလာခံကို မြစ်ကြီးနားမြို့တွင် ယခုလာမည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။

ဦးရွှေမင်း က “နိုင်ငံတော် အာဏာထိန်းပြီးကာလမှာ ပါတီလုပ်ငန်းဆောင်ရွက်မှုတွေ တော်တော်လေး အဆက် ပြတ်သွားတာ ရှိပါတယ်။ ပြန်ပြီး ပါတီဝင်တွေ တိုးများလာဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို စည်းရုံးရေးလည်း တတ်နိုင်သလို ဆက်ပြီးတော့ လုပ်ကြဖို့ပါ။ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ကြရမယ်” ဟု ပြောသည်။

ပါတီညီလာတွင် အလုပ်အမှုဆောင်အဖွဲ့ဝင် အဟောင်းများ၊ ပြန်လည် တာဝန်ယူခြင်းမျိုး ရှိနိုင်သည့်အပြင် အချို့ သော ပါတီဝင်များမှာ အနားယူခြင်း၊ နှုတ်ထွက်ခြင်းများ ရှိနိုင်ပြီး ညီလာခံ ပြုလုပ်ပြီးစီးမှသာ အလုပ်အမှုဆောင် အသစ်နှင့် ဦးဆောင်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဟုဒူးလေးပါတီ ဥက္ကဋ္ဌက ပြောသည်။

ဒူးလေးပါတီအနေဖြင့် လီဆူတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ပါတီဝင်များ ရှိနေပြီး ၂၀၂၃ ခုနှစ် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း လီဆူတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် မြို့၊ ခရိုင်၊ ပြည်နယ်များ တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။

ဒူးလေးပါတီသည် ၂၀၂၀ ခုနှစ် အရပ်သား အစိုးရလက်ထက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ချိန် နေရာနှစ်ရာတွင် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းနှင့် ခေါင်လန်ဖူး အမှတ်-၁ မဲဆန္ဒနယ်တွင် ဦးရွှေလေးတို့ နှစ်နေရာတွင် အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် နေရာ ၅ နေရာတွင် အနိုင်ရရှိခဲ့သည်ဟု ပါတီတာဝန်ရှိသူက ပြောသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ (ဒူးလေးပါတီ) သည် ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ပါတီညီလာခံကို ၂၀၁၈ ခုနှစ်တုန်းက မြစ်ကြီးနားမြို့တွင် ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...