ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နွားများမကြာခဏ ထိခိုက်သေဆုံးရသည့်အတွက် တစ်ပိုင်တစ်နိုင် နွားမွေးမြူသည့် ဒေသခံနွားပိုင်ရှင်များမှာ နွားများကို အရှုံးခံကာ ရောင်း လိုက်ကြရသည်။
စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့မှ လူထုလုပ်ကိုင်စားသောက်ရာနေရာနှင့် ကျေးရွာများအတွင်းသို့လက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်မှုကို အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့ကြပြီးလေကြောင်းပစ်ခတ်မှုလည်းရှိသည့်အတွက် ဒေသခံ လူထုမှာ မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် နွားများနှင့် အိမ်မွေးတိရိစ္ဆာန်များကိုပါ ဆက်လက်မွေး မြူရန် အခက်တွေ့နေကြကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
ကော့ကရိတ်တောင်ပိုင်း ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်တွေ ရွာထဲမှာ ခဏခဏ လက်နက်ကြီးနဲ့ ရမ်းပစ်တော့ တစ်ခုမဟုတ်တစ်ခု ထိတာပေါ့။ ရွာထဲမှာ နွားတွေ မနည်းဘူး ထိတာ။ ဒါကြောင့် မထိခင် အမြန်ဆုံးထုတ်ရောင်းရ တယ်။ ထိထားပြီးဆို ပိသာဈေးပဲရောင်းလို့ ရတော့တယ်။ တော်တော်များများရောင်းလိုက်တယ်။
တချို့ကျန်တာတွေ က အကောင်သေးတဲ့နွားတွေ၊ ဗိုက်ကြီးတဲ့ နွားတွေလောက်ပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။ လက်ရှိအချိန်တွင် အိမ်မွေးနွားထီး အကောင်ကြီး တစ်ကောင်လျင် ကျပ် ၁၅သိန်းကျော်မှ သိန်း၂၀အထိ ဒေသတွင်း ပေါက်စျေးရှိပြီး နွားမများမှာ တစ်ကောင်လျင် ၅သိန်းကျပ်ဝန်းကျင် စျေးရရှိသည်။
အဆိုပါရောင်းလိုက်သည့် နွားများ ကို ဝယ်ယူသူများမှာ ပြန်မွေးမြူရန်မဟုတ်ဘဲ ထိုင်းနိုင်ငံဘက်သို့ မှောင်ခိုလမ်းနှင့် တင်ပို့လိုက်ကြသည်ဟု နွားအ ရောင်းအဝယ်လုပ်သူထံမှ သိရသည်။
ကော့ကရိတ်-မြဝတီလမ်းတွင်လည်း စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ပစ်ခတ်ခံရသည့် နွားကုန်သည်ကားလည်းရှိကြောင်း နွားအရောင်းအဝယ်လုပ်သူများထံမှ သိရသည်။
“ပြီးခဲ့တဲ့၂လက နွားကားတစ်စီးပစ်ခံရတယ်။ နွားလည်း အများအပြား ထိတယ်။ ကားမောင်းတဲ့လူလည်း ထိတယ်။ သတိထားပြီး အန္တရာယ်ကြားကပဲ သွားလာနေရတယ်။”ဟု ကော့ကရိတ်မြို့နယ်ရှိ နွားကုန်သည်တစ်ဦးက ပြောသည်။
ကော့ကရိတ်တောင်ပိုင်း အာရှလမ်းမကြီးအနီး ကော့နွဲကျေးရွာအုပ်စုနှင့် မောင်းမကျေးရွာအုပ်စုထဲတွင် လက်နက်ကြီး မကြာခဏကျပြီး လူနေအိမ်လည်း အများအပြားပျက်စီးကာ အိမ်မွေးတိရိစ္ဆာန်နွားများလည်းအများအပြား သေဆုံးမှုရှိ ခဲ့သည်။
ထို့အပြင် ကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာချိန်၌လည်း ရွာသူရွာသားများ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခဲ့သည်သာမက ၎င်းတို့ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းကြောင့် နွားများ မိုင်းထိမှန်သေဆုံးခြင်းလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ယခုလ အောက်တိုဘာလ ၂၁ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်း ပစ်ခတ်မှုဖြစ်၍ စစ်ကောင်စီဘက်မှလူထုနေထိုင် ရာ ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် တိုက်ခိုက် ခြင်းများရှိသည့်အတွက် ဒေသခံပြည်သူများမှာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို ကျန်လူထုများမှာ လည်း စိုးရိမ်စိတ်နှင့် နေထိုင်ရသည်။







