မွန်ပြည်နယ်က လက်မှုလုပ်ငန်းတွေ သစ်ကုန်ကြမ်း မရလို့ လုပ်ငန်းတွေ ရပ်နားထားရ

မွန်ပြည်နယ်က လက်မှုလုပ်ငန်းတွေ သစ်ကုန်ကြမ်း မရလို့ လုပ်ငန်းတွေ ရပ်နားထားရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာအတွင်းမှာရှိတဲ့ ဆေးတံလုပ်ငန်း အပါအဝင် လက်မှုလုပ်ငန်းတွေဟာ သစ်သားကုန်ကြမ်းတွေ ဝယ်ယူလို့ မရတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ လက်မှုလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှာတော့ သစ်သားကို အခြေခံပြီး ဆေးတံ အပါအဝင် အခြား လက် မှုပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေတဲ့ မိသားစု တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ်လုပ်ကိုင်နေတာကြတာပါ။

ဒါပေမယ့် လက်မှုလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း သစ်သားကုန်ကြမ်းတွေ ဝယ်လို့ မရတာကြောင့် လုပ်ငန်း ဆက်လက် လုပ်ကိုင်ဖို့ အခက်ကြုံနေရတာပါ။

သစ်သားကုန်ကြမ်း အခက်အခဲအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က မော်လမြိုင်မြို့ရှိ အ သေးစား၊အငယ်စားနဲ့ အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမယ့် အရာမထင်ခဲ့ဘူးလို့ လက်မှုလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လုပ်ငန်းက လောဆယ်တော့ သစ်ကုန်ကြမ်းမရှိတဲ့အတွက်ကြောင့် လုပ်ငန်း ခဏခဏ ရပ်ဆိုင်းနေရတယ်။ဒီက လုပ်ငန်းရှင်တွေ အားလုံး သစ်သားနဲ့ မှီခိုနေရတဲ့သူတွေ အားလုံးဟာ ကုန်ကြမ်းကိစ္စပဲ အဓိ က။ကုန်ကြမ်းမရှိတော့ ငွေရှိလည်း ဘာထူးလို့လည်း ဘယ်မှာသွားယူမလဲ။ အော်ဒါလာရင်လည်း ကုန် ကြမ်းမရှိတဲ့အတွက် ဘယ်လိုမှ အလုပ်မဖြစ်ဘူး” လို့ သူက ပြောပါတယ်။

လက်မှုလုပ်ငန်းတွေမှာ အဓိကအသုံးပြုရတဲ့ သစ်သားကုန်ကြမ်းတွေ ရှားပါးတဲ့အတွက် လုပ်ငန်းရပ် ဆိုင်းတာ၊ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိတဲ့အတွက် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲရှိနေကြတာပါ။

လက်ရှိမှာတော့ လက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်သမားတွေဟာ အဆင်ပြေရာ ကျဘမ်း အလုပ်တွေကို ပြောင်းရွှေ့လုပ်ကိုင်လာခဲ့ကြပြီး လက်မှုလုပ်ငန်းလုပ်ကိုင်သူတွေ အနည်းအ ကျဉ်းလောက်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

သစ်သားကုန်ကြမ်းကို အခြေခံပြီး ဆေးတံအပါအဝင် အခြားအိမ်သုံး လက်မှုပစ္စည်းတွေ၊ အမှတ်တရပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်တဲ့ လက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာဟာ ကိုဗစ်ကပ်ရောဂါ စတင်တဲ့အချိန်ကနေပြီး စစ်တပ်အာဏာသိမ်းတဲ့ ဒီကနေ့ ကာလအထိ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အသေးစား၊ အလတ်စား SME ကဏ္ဍတွေမှာ လက်မှုလုပ်ငန်းတွေ အပါအ ဝင် လုပ်ငန်းပေါင်း ၂၀၀၀၀ ကျော်ရှိနေပြီး အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေတဲ့ အလုပ်သမား သိန်းနဲ့ချီ ရှိနေတာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အသေးစား၊ အလတ်စား SME လုပ်ငန်းတွေဟာ လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့အတွက် အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...