မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်စခန်းကို မြန်မာစစ်တပ်က ဝင်ရောက်ရှာဖွေ

မြောက်ဦးမြို့ရှိ မြတန်ဆောင်စစ်ဘေးရှောင်စခန်းကို မြန်မာစစ်တပ်က ဝင်ရောက်ရှာဖွေ
မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်။
မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ယနေ့(အောက်တိုဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် မြန်မာစစ်တပ်မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီအချိန်ခန့်က ဆင်ချဆိပ်ရပ်ကွက်သို့ စစ်ကားတစ်စီးဝင်ရောက်လာပြီး ကားပေါ်မှစစ်သား ၁၀ ဦးခန့်သည် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်လာပြီး မြတန်ဆောင်းဆရာတော်အား မေးမြန်းခဲ့သည်ဟု မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“သူတို့က ဝင်လာပြီးတော့ မြတန်ဆောင်းဆရာတော် ရှိလားဆိုပြီး အရင်မေးတယ်။ ကျမတို့ကလည်း မရှိဘူး၊ ဘယ်ကိုသွားနေမှန်း မသိဘူးလို့ဖြေလိုက်တော့ ဘာမှတော့ ထပ်မမေးသွားဘူး။ အိမ်တွေရော၊ အိမ်သာတွေကိုရော အကုန်လှည့်ပတ်ကြည့်ပြီး ဓာတ်ပုံရိုက်တယ်။ ပြီးတော့ နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တွေရဲ့ အိမ်အလွတ်တွေနေရာမှာ သူတို့နေလို့ရမလားဆိုပြီး ပြောခဲ့တာရှိပါတယ်”ဟု ၄င်းကပြောသည်။

အဆိုပါ စစ်သားများသည် စစ်ဘေးရှောင်စခန်းအတွင်းတွင် ၃ နာရီနီးပါး လှည့်ပတ်နေထိုင်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

“ဘာအကြောင်းပြချက်နဲ့ ဝင်လာကြသလဲဆိုတာကို မသိဘူး။ သူတို့လည်း ဘာမှမပြောသွားကြဘူး။ ဒါပေမဲ့ သူတို့တွေ ရုတ်တရက် ဒီလိုဝင်လာကြတော့ အကုန်လုံး လန့်ကုန်ကြတယ်။ သူတို့ကိုမြင်ရင် စိုးရိမ်နေရတယ်”ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် မဌေးဌေးကဆိုသည်။

စစ်ဘေးရှောင်များမှာ လတ်တလောတွင် အလှူရှင်များနည်းပါးနေသဖြင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် မြို့ထဲ၌ ဆိုင်ကယ်ကယ်ရီဆွဲခြင်းနှင့် တခြားကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေကြရသည်။ သို့သော် မြန်မာစစ်တပ်က ထိုသို့ဝင်ရောက်လာသောကြောင့် မြို့ထဲသို့အလုပ်လုပ်ရန် မသွားရဲတော့ဘဲ ရှောင်တိမ်းနေကြရသည်ဟု နောက်ထပ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“အခုက အလှူရှင်တွေနည်းလို့ စားဝတ်နေရေးအဆင်မပြေဘဲ ကျပ်တည်းလာတယ်။ ဒါကြောင့် တစ်နေ့တာ စားစရိတ်လေး အဆင်ပြေအောင်ဆိုပြီး ကယ်ရီဆွဲစားနေတာပါ။ ဒါပေမဲ့ ဒီနေ့တော့ သူတို့ဝင်လာတာမြင်ပြီး အနီးအနားကနေရာတွေမှာ ယောကျာ်းသားတွေ အကုန်တိမ်းရှောင်လိုက်ရတယ်။ အပြင်လည်း မထွက်ရဲတော့ဘူး။ အမှန်တကယ်ဆိုရင် စစ်ဘေးရှောင်စခန်းတွေကို အခုလို ဝင်ရောက်စစ်ဆေးတာတွေက မလုပ်သင့်ပါဘူး။ စစ်ဘေးရှောင်စခန်းကို သူတို့လာစရာအကြောင်းမှမရှိတာ”ဟု ၄င်းကပြောသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေစုစုပေါင်း (၂၈၂)ဆောင်နှင့် လူဦးရေ တစ်ထောင်ကျော် ခိုလှုံလျက်ရှိသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...