ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများ အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်ကို ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းမှုခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောသည်။

အောက်တိုဘာလ ၂၃ရက်နေ့ ဗုံးကျဲတိုက်ခိုက်ခံရသည့် ညတွင် သေဆုံးသူ ၅၈ ဦးအထိရှိခဲ့ပြီး အောက်တိုဘာလ ၂၅ ရက် ယနေ့နံနက်ပိုင်းအထိ ဒဏ်ရာရရှိသူများ ဆက်တိုးသေဆုံးမှု ၈၀ ကျော်လာပြီဟု ဆေးကုသခွင့်ရရှိအောင် ဆောင်ရွက်နေသည့် KIA နှင့်နီးစပ်သူ ပြည်သူတစ်ဦးက KNG ကို ယနေံနက်ပိုင်းမှ အတည်ပြုပြောဆိုသည်။

“အခုက ထပ်ပြီးသေဆုံးတဲ့သူတွေရှိတယ် တစ်ချို့က ခြေပြတ် လက်ပြတ် နဲ့ဆိုတော့ ဆေးအချိန်မှီမကုသနိုင်တော့ သွေးလွန်ပြီးသေဆုံးကြတာ။ ဆေးရုံတင်ကုသခွင့် ရဖို့တော့ ထပ်ပြီး ဆွေးနွေးဖို့မရှိတော့ဘူးလို့လည်းသိရတယ်။ မနေ့ကအထိ ကချင်ရိုးရာလူကြီးတွေနဲ့ KBC က တာဝန်ရှိသူတွေ PCG တွေတက်ပြီး ညှိကြတာ အဆင်မပြေကြဘူးလေ။ အဲ့ကြောင့် ထပ်ဆွေးနွေးဖို့တော့ဘူးတဲ့”ဟုပြောဆိုသည်။

လက်ရှိအခြေနေမှာ စစ်ကောင်စီဘက်မှ ဆေးကုသခွင့်မရအောင် ပိတ်ဆို့ထားသည့်အပြင် KIA တပ်မဟာ (၉) နယ်မြေအတွင်းသို့ ကျန်းမာရေးသွားရောက်ကူညီလိုသူများကိုလည်း ပိတ်ဆို့ခံထားရသည်ဟုလည်းသိရသည်။

စစ်ကောင်စီဘက်မှ ဆေးကုသ သယ်ယူခွင့်မရအောင် ပိတ်ဆို့ထားသည်မှာ ၎င်းတို့၏ လုပ်ရပ်ပေါ် အလွန်စိုးရိမ်နေသည့်အတွက်  ယခုလိုလုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုက ဒီမှာ ဘယ်လိုမှ ညှိလို့ အဆင်ပြေမှာမဟုတ်ဘူး စစ်တပ်ကလည်း ခွင့်ပြုမှာမဟုတ်ဘူး။ အထဲမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူတွေကအရမ်းများနေတာ့ သူတို့ အရှက်ကွဲမှာ ကြောက်နေကြတာ အဲ့ကြောင့် အဝင်အထွက်အားလုံးပိတ်ထားတာဟုတ်တယ်။ သူတို့လုပ်ရပ်က အကုန်သိသွားမှာကြောက်နေလို့ပဲ မြင်တယ်”ဟုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကို ယနေ့တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ရှိ ဘော်ဆာဒီးဘက်တွင် သဂြိုလ်ရန် စီစဉ်နေသည်ဟု လည်းသူကဆက်ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ၈ နာရီဝန်းကျင်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ကျရောက်သည့် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အတွက် အနန့်ပါ (A Nang Pa) ကွင်းပြင်နေရာတွင် တေးဂီတများဖြင့် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ပွဲနေရာအတွင်းသို့ ဗုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...