မောင်တောမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး

မောင်တောမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး
မောင်တောမြို့နယ်တွင် သွားလာနေသည့် တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရစဉ်။
မောင်တောမြို့နယ်တွင် သွားလာနေသည့် တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငါးခူရ(ဟိန္ဒူ)ရွာသစ်ရွာ အရှေ့ဖက် လယ်ကွင်းတွင် ယမန်နေ့(အောက်တိုဘာလ ၂၁ ရက်) ညနေ ၂ နာရီခန့်က တောရိုင်းဆင်တစ်ကောင် တိုက်ခိုက်မှုကြောင့် ဒေသခံ ဟိန္ဒူဘာဘာဝင် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် မောင်ဘော်ရော်တ်ဖြစ်သည်။ အဆိုပါ ကလေးငယ်မှာ ဆင်တစ်ကောင်၏ တိုက်ခိုက်မှုကိုခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ငါးခူးရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က DMG သို့ ပြောသည်။

“ကလေးတွေက ရွာအနားကလယ်ကွင်းမှာ ကစားနေတာ။ အဲဒီမှာ ဆင်ကလာပြီးတော့ နှာမောင်းနဲ့ ဖိသတ်သွားတာ။ ခြေထောက်နှစ်ချောင်းနဲ့ အတွင်းဒဏ်ရာတွေ ရပြီးတော့ ဆုံးသွားတာ။ မနေ့ကတည်းက သင်္ဂြိုလ်လိုက်ပါပြီ။ တခြားကလေးတွေက ထွက်ပြေးလို့ လွတ်သွားတယ်”ဟု ၎င်းကဆိုသည်။

ငါးခူရ ကျေးရွာအနီးရှိ ဒေသအခေါ် မြောက်ရွာတောင်တန်းတွင် တောရိုင်းဆင်များ မကြာခဏ သွားလာမှုများရှိပြီး ကျေးရွာသားများမှာ ဆင်အန္တရာယ်ကို စိုးရိမ်နေရကြောင်းလည်း ဦးဇော်ဝင်းအောင်က ဆက်ပြောသည်။

“အဲဒီဆင်က ဒီတောင်တန်းတလျှောက်မှာ သွားလာနေတာ။ ထိန်းသိမ်းဖို့ လူလည်းမရှိဘူး။ ရွာထဲကို ဝင်လာတာတွေလည်းရှိတယ်။ လူတွေက အမြဲတမ်း သတိထားပြီးတော့ နေနေရတယ်။ ဆင်အန္တရာယ်ကိုလည်း အမြဲတမ်း စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

မောင်တောမြို့နယ်မှာ တောဆင်ရိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရပြီး သက်ဆိုင်ရာဌာနများကလည်း ထိန်းသိမ်းခြင်းမရှိသဖြင့် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန်လိုကြောင်း မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။

“ဒီတောဆင်ရိုင်းနဲ့ပတ်သက်ပြီးတော့ မောင်တောဒေသမှာ ပြည်သူတွေ နှစ်စဉ်နှစ်တိုင်း သေဆုံးဒဏ်ရာ ရသူတွေရှိတယ်။ အစိုးရဖက်က သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့လဲ ဖမ်းဆီးတာတွေလည်းမရှိဘူး။ ဆိုတော့ ပြည်သူတွေကပဲ ကိုယ့် အသိစိတ်နဲ့ကိုယ် ဒီအန္တရာယ်တွေကို မကြုံရအောင် သတိထားပြီးတော့ သွားလာဖို့လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

တောဆင်ရိုင်းများကို မည်သို့ဆောင်ရွက်ထားသည်ကို သိရှိနိုင်ရန် ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်မေးမြန်းရာ “ကျနော်လည်း မအားသေးဘူး။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့။ ရုံးဖွင့်တဲ့နေ့မှ ရုံးကိုလာခဲ့ပါ”ဟု ပြောသည်။

ပြီခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ မရမာကြီး အမျိုးသားတစ်ဦးမှာ နွားရှာသွားစဉ် တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် ခြေနှစ်ဖက်၊ ဘယ်ဖက်မျက်လုံးနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရရှိခဲ့သည်။

ရခိုင်ပြည် အနောက်ဘက်ဒေသ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တာင်မြို့နယ် မယူတောင်တန်းတို့တွင် တောဆင်များကို မကြာခဏ တွေ့ရလေ့ရှိသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...