UEC က သတိပေးသော်လည်း ရခိုင်ပြည်သူအကျိုးအတွက် လိုအပ်ပါက ဆက်လက်လုပ်ဆောင်မည်ဟု ANP ဆို

UEC က သတိပေးသော်လည်း ရခိုင်ပြည်သူအကျိုးအတွက် လိုအပ်ပါက ဆက်လက်လုပ်ဆောင်မည်ဟု ANP ဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရခိုင်အမျိုးသားပါတီ (ANP) မှ တာဝန်ရှိသူများအား နောင်တွင် ဥပဒေနှင့်အညီသာ ထုတ်ပြန်ချက်များကို ထုတ်ပြန်ရန် သတိပေးပြောဆိုခဲ့သော်လည်း ရခိုင်ပြည်သူများအတွက် လိုအပ်လာပါက ဆက်လက် ထုတ်ပြန်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက နိရဉ္စရာသတင်းဌာနကို ပြောသည်။

''စက်တင်ဘာ ၂၉ ထုတ်ပြန်တာကို နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် နည်းဥပဒေတွေကို လိုက်နာ ဖို့ခေါ်ပြောတာ။တဖက်သတ်ဆန်တယ်တဲ့။ ကျနော်တို့ကပြည်သူတွေရဲ့ လိုအပ်ချက်၊နစ်နာချက်တွေကို ပြောဖို့ တာဝန်ရှိတယ်လို့ ပြန်ပြောခဲ့တယ်။ပြည်သူတွေအတွက်ဖွဲ့ထားတဲ့ပါတီ အနေနဲ့ နောင်ကိုလည်း လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားပါမယ်'' ဟု ၎င်းက  နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ စက်တင်ဘာလ ၂၉ ရက်နေ့အချက် (၄) ချက်ပါ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ရခိုင်အမျိုးသားပါတီကို တွေ့ဆုံရန် အောက်တိုဘာ ၄ ရက်နေ့က ဖိတ်ခေါ်ခဲ့ရာ ရခိုင်အမျိုးသားပါတီမှ  ဥက္ကဋ္ဌ ဦးသာထွန်းလှ အပါအဝင် ၃ ဦးက ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့၌ နေပြည်တော်သို့  သွားရောက် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်သူတွေအတွက်နစ်နာချက်၊ လိုအပ်ချက်ရှိလို့ ထုတ်ရခြင်းဖြစ်ပြီး နောင်တွင်လည်း လိုအပ်သလို လုပ်ဆောင်သွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

ရခိုင့်နိုင်ငံရေးဆောင်းပါးများကိုရေးသားနေသူ စာရေးဆရာ မင်းထီးက ANP ကို ယခုကဲ့သို့ ဆင့်ခေါ်ခြင်းမှာမဖြစ်သင့်ကြောင်း၊ ယခုလုပ်ရပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က နိုင်ငံရေးပါတီများအနေဖြင့် ဘာမှမျှော်လင့်လို့ မရကြောင်း သက်သေပြနေသည်ဟု ပြောကြားသည်။

'' ANPရဲ့ ထုတ်ပြန်ချက်ဟာ အများကြီးလျော့ပေါ့ပြောထားတာ။ ဒါကို ဆင့်ခေါ်တာကတော့ မဖြစ်သင့်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပါတီတွေ အနေနဲ့တော့ ဘာမှမျှော်လင့်လို့မရဘူး။ လက်ရှိကာလဟာ ANP အတွက် အကြပ်အတည်းကာလ လို့ပြောရမယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မျှော်လင့်နေလို့မရဘူး။ ပြည်သူနဲ့ပြတ်ပြတ်သားသား ရပ်တည်ရမယ်အချိန်ပါ'' ဟု ၎င်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်အမျိုးသားပါတီက စက်ဘာလ ၂၉ ရက်နေ့က စစ်တပ်က လက်နက်ကြီး ပစ်ခတ်၍ အရပ်သားသေဆုံးမှုများကို ရှုတ်ချကြောင်းအပါအဝင် INGO / NGOအဖွဲ့များကို ပိတ်ပင်ထားခြင်းကိုပြန်ဖွင့်ပေးရန်၊ လူနေဧရိယာများတွင် တိုက်ပွဲမဖော်ဆောင်ရန်နှင့် စစ်ပွဲဧရိယာနှင့်မဆက်ဆိုင်သည့်နေရာများကို ကုန်းလမ်း၊ရေလမ်းပိတ်ဆို့ထားမှုသည် ဒေသခံများကို ဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်ဟူသော အချက် ( ၄ ) ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တစ်ဖက်သတ်ဆန်သည်ဟု ဆိုကာ နောက်နောင်ယင်းကဲ့သို့ မထုတ်ပြန်ရန် သတိပေးမှု ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲများအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား (၄) ဦးထက် မနည်းသေဆုံး၍ လူ (၃၀) ကျော်ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် အဆောက်အုံ (၂၀) ထက်မနည်း ပျက်စီးခဲ့ပြီးနောက် ANP ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့၏ တိုက်ပွဲများကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်ဦးရေ (၇၁၉၄၂) ဦးအထိရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHRC) စာရင်းအရ သိရသည်။

April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...