ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများကို လမ်းကြုံသယ်ယူလာသည့် စက်လှေပိုင်ရှင်အပါအဝင် စက်လှေမှ တာဝန်ရှိသူ ၃ ဦးကို စစ်တပ်က ဖမ်ဆီးပြီး ရဲကအာမခံဖြင့် ပြန်လွှတ်ပေးသော်လည်း ဆေးဝါးဥပဒေဖြင့် ဆက်လက် အမှုဖွင့်ထားသည်ဟု ကာယကံရှင်များက ပြောသည်။
အမှုဖွင့်ခံထားရသူများမှာ မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးသိန်းဘုချေ (၅၅ နှစ်)၊ စက်ဆရာ ဦးမောင်ခင်ဝင်း (၅၀ နှစ်) နှင့် စက်လှေ မောင်းသူ ဦးအေးထွန်း (၄၅ နှစ်)တို့ဖြစ်သည်။
သူတို့သည် ပြီးခဲ့သည် စက်တင်ဘာလ ၂၅ ရက်နေ့က ငပသုန်တိုက်နယ် ဆေးရုံအတွက် လိုအပ်သည့် ဆေးဝါးများကို စစ်တွေမြို့မှ စက်လှေဖြင့် လမ်းကြုံသယ်ဆောင်လာခဲ့ပြီး ပေါက်တောမြို့နယ်၊ မင်းဖူးရွာအနီးတွင် စစ်ဇက်ရေယာဉ်ပေါ်က ဖမ်းဆီးကာ စစ်တွေ အမှတ် (၂) ရဲစခန်းတွင် အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉ (ခ) ဖြင့် အမှုဖွင့်ထားသည်ဟု အမှုဖွင့်ခံရသူတစ်ဦးက နိရဥ္စရာကိုပြောသည်။
"ဆေးရုံအတွက် လိုအပ်တဲ့ ဆေးဝါးကိုသယ်ယူလာတာ။ လမ်းကြုံလို့ သယ်ယူလာတဲ့ သဘောမျိုးပါ။ ရေတပ်နေဗီက ဖမ်းပြီး ရဲစခန်းအပ်တယ်။ ပြီးတော့ အမှုဖွင့်တာ။ စက်လှေနဲ့ဆေးဝါးတွေပါ သိမ်းသွားတယ်။ ဒီဆေးကို ဘယ်ကိုသယ်တာလဲမေးတယ်။ ကျွန်တော်က ဒီငပသုန်တိုက်နယ် ဆေးရုံအတွက် သယ်တာလို့ပြောပြီး ဒေါက်တာဝင်းနိုင်စိုးကို ဖုန်းဆက်တယ်။ ဒေါက်တာကိုပါ ဖမ်းတယ်"ဟု ပြောသည်။
ယင်းသို့အမှုဖွင့်ခံရပြီးနောက် သူတို့ ၃ ဦးကို စက်တင်ဘာလ ၂၇ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။
အဆိုပါဆေးဝါးများသယ်ဆောင်မှုကြောင့် ငပသုန်တိုက်နယ် ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကိုလည်း စစ်ကောင်စီက ခေါ်ယူကာ စက်တင်ဘာလ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်ကလည်း မြောက်ဦးမြို့မဈေးထဲမှ ဆေးဆိုင်ရောင်းချနေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်ကလည်း တောင်ကုတ်မြို့တွင် ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို စစ်တပ်က ဖမ်းဆီးကာ အမှုဖွင့်ထားသည်ဟု သိရသည်။







