ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်ရှိ သစ်တောဌာနဆင်ဝိုင်းရှိ ဇာနန်းလှဆင်မကြီးမှ မွေးဖွားသည့်ဆင်ဖြူတော်ငယ်အပါအဝင် ဆင်တချို့ကို စစ်ကောင်စီတပ်က လုံခြုံရေးအစောင့်အရှောက်အများအပြားဖြင့် ကားပေါ်တင်ကာ ယနေ့ နံနက်က တောင်ကုတ်ဆိပ်ကမ်းသို့ ယူဆောင် လာကြောင်း ဒေသခံများက ပြောသည်။
ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဆင်ဖြူတော်အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်ဘက်သို့ လုံခြုံရေးတင်းကျပ်စွာ ယူဆောင်သွားကြောင်း သာယာအေးရွာမှ မျက်မြင်အမျိုးသမီးတစ်ဦးက ပြောသည်။
"ကား (၄) စီးနဲ့ ဆင်တစ်ကောင်ကျစီတင်ပြီး တောင်ကုတ်ဘက်ကို သွားတာတွေ့တယ်။ နောက်က အိမ်စီးကားလေးတွေလည်း ပါသွားတယ်။ စစ်ကား (၅) စီးနဲ့ စစ်သား ၁၀၀ လောက်လည်း ပါပါတယ်။ နောက်က ဆင်ရိက္ခာတင်တဲ့ကားတွေရောပဲ ကားတွေတန်းစီလို့ ထွက်သွားပါတယ်" ဟု ပြောသည်။
အဆိုပါဆင်များကို တောင်ကုတ်မြို့၊ ရွှေလင်းယုန်ဆိပ်ကမ်းတွင် ချထားပြီး မည်သည့်နေရာကို ယူဆောင်မည်ကို မသိရသေးကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

"ဆင်တွေကို ရွှေလင်းယုန်ဆိပ်ကို ချထားပါပြီ။ စစ်သားတွေလည်း မြို့ကို ပတ်သွားနေပါတယ်။ ရွှေလင်းယုန်ဆိပ်မှာလည်း လမ်းတစ်လျှောက်လုံးမှာ ပိတ်ပြီး စစ်ဆေးနေပါတယ်။ လူအသွားအလာကိုလည်း လုံးဝပိတ်ထားပါတယ်။ ဆင်တွေကိုတော့ သူတို့ ဘယ်ကို၊ ဘယ်လိုပုံစံနဲ့ယူသွားမလဲ မသိရသေးပါဘူး" ဟု ပြောသည်။
လက်ရှိမှာ ရွှေလင်းယုန်ဆိပ်ကမ်းနှင့် မြို့ထဲတွင်လည်း စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများနေပြီး လမ်းများကိုပိတ်ကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဆင်ဖြူငယ်သည် ဇူလိုင် ၂၃ ရက်က ခူးတိုက်နယ်ရှိ မြန်မာ့ သစ်တောဆင်ဝိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူတော် ကြန်အင်လက္ခဏာ ၇ ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခင်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော် ၉ စီး၌ ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူ ၁ စီးသာလျှင် ကြန်အင်လက္ခဏာ ရ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန် ၈ စီးသည် အများဆုံး ၆ ချက်သာ ကိုက်ညီခဲ့ကာ ယခုဆင်ဖြူငယ်သည်လည်း ကြန်အင် (၇) နှင့်ကိုက်ညီသည့်အတွက် ထူးခြားသည့် ဆင်ဖြူအဖြစ် စကစပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ရရှိထားသော (၁၀) စီးတွင် (၇) စီးမှာ ရခိုင်မှ ရရှိသောဆင်ဖြူများဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်ရှိ မင်းဓမ္မကုန်း ရတနာဆင်ဖြူတော် ဥယျာဉ်တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။







