ကရင်စစ်ဘေးရှောင်ဦးရေ တစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ပြန်ပို့

ကရင်စစ်ဘေးရှောင်ဦးရေ တစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ပြန်ပို့

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ကရင်ဒေသခံတစ်ထောင်ခန့်ကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) မှစ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရသည်။

မြန်မာဘက်ခြမ်း ပြန်ပို့ခံရသည့် ကရင်ဒေသခံစစ်ဘေးရှောင် (၉၈၀) ဦးခန့်ရှိပြီး ထိုင်းအာဏာပိုင်များက ယမန်နေ့နံနက်ပိုင်းမှစ၍ ပြန်လည်ပို့ဆောင်နေသည်ဟုဆိုသည်။

စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်ပေးနေသူတစ်ဦးက “ဘယ်လိုအကြောင်းအရင်းနဲ့ အတင်းကျပ်ပြန်ပို့ ခံရတာလဲဆိုတာကိုတော့ မသိရသေးဘူး။ မနေ့ကပြန်ပို့ခံရတာ တစ်ထောင်ဝန်းကျင်လောက်ရှိတယ်”ဟု ပြောသည်။

ယခု မြန်မာဘက်ခြမ်းသို့ ပို့ဆောင်ခြင်းခံရသူများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော လေးကေ့ကော်မြို့သစ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြသည့် လေးကေ့ကော်၊ မဲ့ထော်သလေး၊ ဖလူးလေး၊ မင်းလက်ပံကျေးရွာများမှဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များကိုကူညီပေးနေသူ နောက်တစ်ဦးကလည်း “ပြန်အပို့ခံရတဲ့ထဲမှာ မဲ့ထော်သလေး၊ ဖလူးလေး၊ လေးကေ့ကော်နဲ့ မင်းလက်ပံမှာနေတဲ့ ဒေသခံတွေ အများဆုံးပါသွားတယ်။ သူတို့က မပြန်ချင်ပေမယ့် ပြန်လွှတ်တဲ့ အနေအထားက အဆိုးဆုံးပုံစံကိုဖြစ်နေတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသအနီး၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဟုအကြောင်းပြကာ ထိုသို့ပို့ဆောင်ခြင်းဖြစ်ပြီး သောင်ရင်းမြစ်ကို စက်လှေများဖြင့်ဖြတ်ကူးကာ ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“အကြောင်းအရင်း မပြောပြဘဲနဲ့ တဖက်ကမ်းဘက်ကို အတင်း ပြန်လွှတ်ခဲ့တာ။ အဲမှာ ထိုင်းစစ်သားတွေက စက်လှေတွေသုံးပြီးတော့ ပြန်ပို့တာ။ မိုးတွင်းဖြစ်နေတော့ သောင်ရင်းမြစ်က ရေစီးအရမ်းသန်တဲ့အချိန်ကို အတင်းပြန်လွှတ်ခံရတာ။ တချို့လှေတွေဆို ရေစီးသန်လို့ အချင်းချင်းပြန်တိုက်တာတွေတောင် ရှိခဲ့တယ်”ဟု စစ်ဘေးရှောင်တစ်ဦး ပြောသည်။

ယခု မြန်မာဘက်ခြမ်းသို့ ပို့ဆောင်ခံရသူများထဲတွင် အသက်မပြည့်သေးသည့် ကျောင်းသားများ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ဘေးရှောင်များကို ထိုသို့ ပြန်လည်ပို့ဆောင်မှုအပေါ် ကရင့် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တာဝန်ဝတ္တရားများကို လေးစားလိုက်နာသင့်ကြောင်း တိုက်တွန်းထားသည်။

ကရင်ပြည်နယ် မြဝတီဒေသ လေးကေ့ကော်မြို့သစ်နှင့် ဝေါလေမြိုင်မြို့အနီးတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၆) KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံတစ်သိန်း ဝန်းကျင်ခန့်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးတွင် လက်ရှိအချိန်အထိ ထွက်ပြေးခိုလှုံနေထိုင်လျက် ရှိနေသည်။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...