KNU ညောင်လေးပင်ခရိုင်မှာ အခုလအတွင်း စစ်ရှောင်ဒုက္ခသည် ၂၀၀၀၀ ကျော် ထပ်တိုးလာ

KNU ညောင်လေးပင်ခရိုင်မှာ အခုလအတွင်း စစ်ရှောင်ဒုက္ခသည် ၂၀၀၀၀ ကျော် ထပ်တိုးလာ

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ ဒေသခံရွာသားတွေကို ခြိမ်းခြောက် မောင်းထုတ်တာတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၂၀၀၀၀ ကျော် ထပ်တိုးလာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ ခလရ (၆၀) တပ်ရင်းက တောင်စုကျေးရွာ ဒေသခံတွေကို ခေါ်ယူပြီး ကျေးရွာအတွင်းကနေ အတင်းအဓမ္မထွက်ခွာခိုင်းတာကြောင့် အိမ်ထောင်စု (၅၈) စု၊ လူဦးရေ (၃၄၅) ဦးတို့ဟာ ကျေးရွာကို စွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညောင်လေးပင်ခရိုင်ထဲက ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး အချက် ၄၀ ထက်မနည်း ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် အခုလအတွင်း KNU ညောင်လေးပင်ခရိုင်က မြို့နယ်တွေ ဖြစ်တဲ့ ကျောက်ကြီး၊ မုန်းနဲ့ရွှေကျင်မြို့နယ်တို့မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ အိမ်ထောင်စု (၃၇၆၄) စု၊ လူဦးရေစုစုပေါင်း (၂၀၉၄၃) ဦး ထပ်တိုးလာတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ အမိုးအကာ၊ အခြေခံစားနှပ်ရိက္ခာ၊ ဆေးဝါးအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ထိန်းချုပ်နယ်မြေမှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေး ဝင်ရောက် လှုပ်ရှားမှုတွေကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တို့ကြား ရင်ဆိုင်တိုက်ပွဲများ ပိုမိုပြင်းထန်လာတယ်လို့ KNU က ဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခရိုင် ၆ ခရိုင်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဒုက္ခသည် ၃၇၀၀၀၀ ကျော်ထိ ရှိလာတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ချက်တွေအရ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...