စစ်တွေတပ်နယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

စစ်တွေတပ်နယ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

ရခိုင်ပြည်၊ စစ်တွေမြို့အဝင် တပ်နယ်စစ်ရေးဂိတ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တို့က ယခုရက်ပိုင်းအတွင်း ခရီးသွားများကို စစ်ဆေးမှုပိုမိုတင်းကြပ်လာနေကြောင်း ကားသမားနှင့် ဒေသခံခရီးသွားများထံမှ သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရီးသည်တစ်ဦးချင်းစီ၏ မှတ်ပုံတင်၊ ကုန်ပစ္စည်းများ စသည်တို့ကိုစစ်ဆေးနေသည့်အတွက် ကားသမားများမှာ သွားရေး၊လာရေးတွင် အခက်အခဲရှိနေကြောင်း စစ်တွေ-ကျောက်တော်သို့ပြေးဆွဲနေသည့် ကားသမားတစ်ဦးက DMG သို့ပြောသည်။

“အခုရက်ပိုင်းအတွင်းမှာတော့ စစ်ဆေးမှုတွေပိုများလာတယ်။ အရင်ကဆိုရင် ကားလိုင်စင်နဲ့ မှတ်ပုံတင်တွေပြရင်ရပြီ။ အခုက ကားပေါ်က အထုတ်တွေစစ်တယ်။ ခရီးသည်တွေကိုလည်း မှတ်ပုံတင်စစ်တယ်။ အထုတ်တွေပါရင် အထုတ်တွေကိုဖွင့်ကြည့်တယ်။ စစ်ဆေးမှုတွေရှိလာတော့ အချိန်တော့ကြန့်ကြာတာပေါ့။ အခက်အခဲတွေကတော့ စစ်ဆေးမှုများတဲ့အတွက် ပစ္စည်းတွေတင်ချင်သလို တင်လို့မရဘူး။ အခုက ပိုင်ရှင်မပါရင် ပစ္စည်းတွေလက်မခံဘူး”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့၏ အဝင်အထွက်ဖြစ်သည့် အဆိုပါစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်၊ ကားများနှင့် ကုန်တင်ကားများကို ရှာဖွေစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လာနေခြင်းကြောင့် ခရီးသည်တို့မှာ အချိန်ကြန့်ကြာမှုနှင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်နေရကြောင်း ခရီးသည်တစ်ဦးက DMG ကိုပြောသည်။

“စစ်ဆေးတာကတော့ မှတ်ပုံတွေပြရတယ်။ နောက်ပြီးတော့ အထုတ်တွေကိုစစ်တယ်။ ကားတွေက တန်းစီပြီးတော့ စစ်ဆေးခံနေရတော့ စိတ်အနှောက်အယှက်တွေဖြစ်တာပေါ့။ နောက်ပြီးတော့ ကားတွေ များ တယ်ဆိုရင် အချိန်အကြာကြီးစောင့်နေရတာ” ဟု ၎င်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေသည့်အတွက် ပြည်သူများမှာ သွားရေး၊ လာရေးသတိရှိကြရန် ယမန်နေ့ (စက်တင်ဘာ ၁၉) ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

“အခုဟာ စစ်ပွဲကာလဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ သွားလာလှုပ်ရှားကြတဲ့ နေရာတိုင်းမှာ စစ်ရေးသတိရှိကြဖို့ ကျနော်တို့အနေနဲ့ မှာကြားလိုပါတယ်”ဟု ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားပြီးနောက် ယနေ့တွင် စစ်ဆေးရေးဂိတ်များတွင် ပိုမိုင်တင်းကြပ်စွာ စစ်ဆေးလာခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

ထိုသို့စစ်ဆေးရေးဂိတ်များတွင် တင်းကြပ်စွာ စစ်ဆေးနေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG ကဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

သို့သော်လည်း စစ်တွေ ရဲအရာရှိတစ်ဦးကမူ အဆိုပါစစ်ဆေးမှုကို အတိအကျမပြောနိုင်သော်လည်း အမှုနှင့်ပတ်သက်သည့် တရားခံများကိုရှာဖွေရန် စစ်ဆေးခြင်းမျိုးဖြစ်နိုင်ကြောင်းဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း နှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်တွေတပ်နယ် စစ်ဆေးဂိတ်အပြင် ကျောက်တန်းစစ်ဆေးရေးဂိတ်၊ အမ်းစစ်ဆေးရေးဂိတ်နှင့် တခြားသော စစ်ရေးဂိတ်များတွင်လည်း ခရီးသွားများကို မြန်မာစစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့က စစ်ဆေးမှုများတင်းကြပ်ထားပြီး ကုန်ပစ္စည်းများကိုလည်း နယ်/လုံဝန်ကြီးလက်မှတ်ပါမှသာ တင်ပို့ခွင့်ပြုကြောင်း ကုန်တင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...