ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းရန် စစ်ကောင်စီက စီစဉ်နေ

ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းရန် စစ်ကောင်စီက စီစဉ်နေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို လာမည့်အောက်တိုဘာလအတွင်း နေရပ်ပြန်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကာ လတ်တလောတွင် နေရပ်ပြန်၊မပြန်ကိစ္စနှင့်ပတ်သက်ပြီး စာရင်းကောက်ယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အဘောင်သား၊ ရုပ်ဝ၊ လယ်လှကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ စစ်ဘေးရှောင်များကို အောက်တိုဘာလအတွင်း နေရပ်ပြန်ရန် အကြောင်းကြားခဲ့သည်။

နောက်တစ်ရက်အကြာတွင် ထိုအုပ်ချုပ်ရေးမှူးများသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကြရာတွင် နေရပ်ပြန်ရန် စာရင်းကောက်ယူမည့် စာရွက်စာတမ်းများကို ပေးလိုက်သဖြင့် စာရင်းကောက်ယူနေရသည်ဟု အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။  

“အဘောင်သား၊ ရုပ်ဝ၊ လယ်လှကျေးရွာအုပ်စု ၃ အုပ်စုက အုပ်ချုပ်ရေးမှူးတွေကို ဖုန်းခေါ်ပြီး စစ်ဘေးရှောင်တွေ နေရပ်ပြန်ခိုင်းဖို့အတွက် ပြည်နယ်က စာကျလာတယ်ဆိုပြီး မြို့နယ်ထွေအုပ်ကဖုန်းဆက်လာတယ်။ သူတို့က မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းမှာဖြစ်တဲ့အတွက်လို့ပြောတယ်။ အခုတော့ စစ်ဘေးရှောင်တွေ နေရပ်ပြန်၊ မပြန် စစ်တမ်းကောက်ခိုင်းထားတယ်”ဟု သူကပြောသည်။

လတ်တလောတွင် အဆိုပါကျေးရွာအနီးပတ်ဝန်းကျင်တွင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနေသဖြင့် နေရပ်ပြန်ရန် လုံးဝမဖြစ်နိုင်ကြောင်း လယ်လှကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက DMG သို့ပြောသည်။

“တိုက်ပွဲက လယ်လှရွာဘက်မှာဖြစ်နေတာဆိုတော့ စစ်ဘေးရှောင်တွေက အိမ်မပြန်ရဲကြဘူး။ တိုက်ပွဲဖြစ်နေတာဆိုတော့ အသက်အန္တရာယ်လုံခြုံမှု မရှိဘူးလေ။ ဒါပေမယ့် သူတို့က ပြန်ခိုင်းရင် ကျနော်တို့မှာပြန်ရမှာပေါ့။ ကျနော်တို့စစ်ဘေးရှောင်တွေရဲ့ ပြန်ရမယ့်အခက်အခဲကိုတော့ ပြည်နယ်ကို စာတင်ဖို့တော့လုပ်ထားတယ်”ဟု ၎င်းကဆိုသည်။

တစ်ဖက်တွင် နေရပ်ပြန်သွားပါက တိုက်ပွဲကြောင့် လုံခြုံမှုထိခိုက်မည်ကို စိုးရိမ်ရသည့်အပြင် မိုင်းအန္တရာယ်ရှိမည်ကိုလည်း စိုးရိမ်ရသဖြင့် လတ်တလောတွင် နေရပ်မပြန်ချင်သေးဟု ဘောလုံးကွင်းစစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ကျနော်တို့နေရပ်မပြန်ရဲဘူး။ မြို့ထက်ကတောင် လက်နက်ကြီးသံတွေ ကြားရတယ်။ အသက်အန္တရာယ် စိုးရိမ်တယ်။ ပြီးရင် ကျနော်တို့နေရပ်ပြန်သွားရင်လည်း လယ်လုပ်၊ ဟင်းရှာစားရမှာလေ။ မိုင်းနင်းမိမှာလည်းကြောက်တယ်။ နေရပ်ကို ပြန်ချင်တာပေါ့။ ဒါပေမယ့် တိုက်ပွဲတွေ မိုင်းတွေကြောင့် မပြန်ရဲဘူး။ နေရပ်ပြန်၊မပြန်ကိုစစ်တမ်းကောက်ထားတာကို တနင်္လာနေ့မှာ အဖြေပေးရမယ်။ ကျနော်တို့ကတော့ နေရပ်မပြန်ရဲဘူး”ဟု သူကပြောသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို DMG က ဆက်သွယ်ရန်ကြိုးပမ်းနေဆဲဖြစ်သည်။

အဘောင်သား၊ ရုပ်ဝ၊ လယ်လှကျေးရွာအုပ်စုမှ စစ်ဘေးရှောင်များသည် မြို့ပေါ်ရှိ ဝိသုဓာရုံဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်း စသည်တို့တွင် ခိုလှုံနေကြပြီး စုစုပေါင်းလူဦးရေ ၃၀၀၀ ကျော်ရှိသည်။ အများစုမှာ ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ပွားစဉ်ကပင် လာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး လတ်တလောတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများလည်း ပါဝင်သည်။

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...